ကိုင်ရို ၃၀ မေ
အီဂျစ်သမ္မတအဗ္ဒယ်လ်ဖာတ အယ်လ်စီစီနှင့် ဆိုက်ပရပ်စ်သမ္မတ နီကော့စ်အာနက်စ်တာဆီယာဒက်စ် တို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အခြားသောဒေသဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေ ၂၉ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း အီဂျစ်သမ္မတရုံးက ပြောကြားသည်။
နှစ်နိုင်ငံခေါင်းဆောင်တို့သည့် ဆက်သွယ်ဆွေးနွေးစဉ် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာသက်ရောက်မှု ထိန်းသိမ်းရေးဆိုင်ရာ နှစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြကြောင်း အီဂျစ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဘာဆမ်ရာဒီက ပြောကြားသည်။
ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် အရှေ့မြေထဲပင်လယ်ဒေသအတွင်း စွမ်းအင်လုံခြုံရေးအပါအဝင် ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ဆိုက်ပရပ်စ်သမ္မတက ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးနယ်ပယ်၌ အီဂျစ်အစိုးရ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်မှုနှင့် အီဂျစ်အစိုးရ၏ နိုင်ငံရေးဆိုင်ရာ သြဇာသက်ရောက်မှုအပေါ် ချီးကျူးခဲ့ပြီး တည်ငြိမ်အေးချမ်းမှုရရှိရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် တရားမဝင်ရွှေ့ပြောင်းသူများအား နှိမ်နင်းရေးနယ်ပယ်၌ အီဂျစ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ဥရောပသမဂ္ဂ၏ အသိအမှတ်ပြုမှုကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။
ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် လစ်ဗျားနိုင်ငံအတွင်းရှိ နောက်ဆုံးအခြေအနေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဒေသအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများအား နိုင်ငံရေးအရအဖြေရှာခြင်းမှတစ်ဆင့် အရှိန်မြှင့်ကြိုးပမ်းလုပ်ဆောင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ