ဒါကာ ၃၀ မေ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၂၈ ဦးသေဆုံးခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ချိန် မတ်လကတည်းက တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအများဆုံး ဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ယနေ့ ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၂၈ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၆၁၀ ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ပါမောက္ခနာဆီမာ ဆူလ်တနာက အွန်လိုင်းပေါ်မှတစ်ဆင့် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

 

ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၆၄ ဦး ထပ်မံစမ်းသပ်တွေ့ရှိခြင်းနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၆၀၈ ဦးရှိလာကြောင်း ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ အထိထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ၂၄ နာရီအတွင်း လူ ၉၉၈၇ ဦးတို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ကြောင်း ဆူလ်တနာက ထပ်မံပြောကြားသည်။

 

သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၀ ဦးသည် တစ်ရက်အတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများနှင့် ဆေးခန်းများမှ ပြန်ဆင်းခဲ့ကြရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၉၃၇၅ ဦးရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ