မြဝတီ ၃၀ မေ
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ယနေ့ မေ ၃၀ ရက်တွင် မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၁၅၂ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၅၀၄ ဦးသည် ထိုင်းနိုင်ငံ၊ မော်ချစ်ကားဂိတ်မှ ကား ၂၄ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ပြီး ကျန် ၆၄၈ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေလ ၁ ရက်နေ့က ၆၀ ဦး၊ ၂ ရက်နေ့က ၅၄ ဦး၊ ၃ ရက်နေ့က ၁ ဦး၊ ၄ ရက်နေ့က ၄၄ ဦး၊ ၅ ရက်နေ့က ၂၃ ဦး၊ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိဘဲ ၈ ရက်နေ့က ၁၀၀ ဦး၊ ၉ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိဘဲ ၁၀ ရက်နေ့တွင် ၄၄ ဦး၊ မေလ ၁၁ ရက်နေ့တွင် ၁၃ ဦး၊ မေလ ၁၂ ရက်နေ့တွင် ၄၁ ဦး၊ မေလ ၁၃ ရက်နေ့တွင် ၁၆ ဦး၊ မေလ ၁၄ ရက်နေ့တွင် ၃၈ ဦး၊ မေလ ၁၅ ရက်နေ့တွင် ၁၂၀ ဦး၊ မေလ ၁၆ ရက်နေ့တွင် ၇၆ ဦး၊ မေလ ၁၇ ရက်နေ့တွင် ၉၀ ဦး၊ ၁၈ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၉ ရက်နေ့တွင် ၆၄ ဦး၊ ၂၀ ရက်န့နှင့် ၂၁ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ မေလ ၂၃ ရက်နေ့တွင် ၆၀၄ ဦး၊ မေလ ၂၄ ရက်နေ့တွင် ၁၁၁၈ ဦး၊ မေလ ၂၅ ရက်နေ့တွင် ၁၂၇၇ ဦး၊ မေလ ၂၆ ရက်နေ့တွင် ၁၃၉၄ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၁၄၃၄ ဦး၊ မေလ ၂၈ ရက်နေ့တွင် ၁၁၆၈ ဦး၊ မေလ ၂၉ ရက်နေ့တွင် ၁၂၀၂ ဦး၊ ယနေ့ မေလ ၃ ရက်နေ့တွင် ၁၁၅၂ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၀၁၃၃ ဦးထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြန်လည်ဝင်ရောက်သူများနှင့် မေလ ၁၇ ရက်နေ့ဝင်ရောက်သူ ၉၀ ဦးအနက် ၄၅ ဦး၊ မေလ ၂၇ ရက်နေ့ဝင် ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံရပြီးသောသူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက လာရောက်လွှဲပြောင်းပို့ ဆောင်ပေးခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် ကချင်ပြည်နယ်မှ ၄၅ ဦး၊ ကယားပြည်နယ်မှ ၇ ဦး၊ ကရင် ပြည်နယ်မှ ၂၀၀ ဦး၊ မွန်ပြည်နယ်မှ ၁၅၇ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၄၂ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၉၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၂၇ ဦး၊ နေပြည်တော်မှ ၁၉ ဦး၊ ရှမ်းပြည်နယ်မှ ၁၂၀ ဦး၊ တနင်္သာရီ ၁၈ ဦး၊ ရခိုင်ပြည်နယ်မှ ၁၉ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၄၀ ဦး စုစုပေါင်း ၁၁၅၂ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)