ပွင့်ဖြူ ၃၁ မေ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မွေးမြူထားရှိသော ကျွဲနွား တိရစ္ဆာန်များအား မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ကျွဲနွားတိရစ္ဆာန်များအား မေထုန်မဲ့သားစပ်ခြင်းနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲပြီး ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် ၊ မေလအထိ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီး ကျေးရွာအုပ်စု ၊ မဲဇလီကျေးရွာအုပ်စု ၊ ကျစ်ကိုင်းကျေးရွာအုပ်စု ၊ ဆင်လူးကျေးရွာ အုပ်စု ၊ ဘိုကုန်းကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ မွေးမြူထားရှိသည့် ကျွဲနွားကောင်ရေ ၂၃၆၈ ကောင်အား ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး မေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းအနေဖြင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၂ အုပ်စုရှိ ကျေးရွာပေါင်း ၁၅၈ ရွာမှ ကျွဲနွား ကောင်ရေ ၁၁၂၅ ကောင်အား မေထုန်မဲ့သားစပ်ခြင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခု လက်ရှိတွင် ကျေးရွာများသို့ ကွင်းဆင်းပြီး မေထုန်မဲ့သားစပ်ခြင်းများ ပြုလုပ်ဆောင်ရွက် ပေးမှုကြောင့် ကျွဲနွားမျိုးကောင်းမျိုးသန့် ၇၂၈ ကောင် သားပေါက်ခဲ့ပြီး ဇီးရှိ ၃၁၁ ကောင် ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )