ထီးလင်း ၃၁ မေ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထိန်တိုင်းကျေးရွာတွင် မိုးနှမ်း စမုံနက်မျိုး (GAP) ဧက(၁၀ဝ) စိုက်ပျိုးနိုင်ရန်အတွက် မြေနမူနာယူခြင်းလုပ်ငန်းကို မေလ ၃၀ ရက် (ယမန်နေ့)က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးစိုးမြင့်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများက ထီးလင်းမြို့နယ် ထိန်တိုင်းကျေးရွာရှိ တောင်သူ ဦးကျော်ထူး၏ ယာမြေတွင် မိုးနှမ်း စမုံနက်မျိုး (GAP) စိုက်ပျိုးနိုင်ရေးနှင့် စပ်လျဉ်းပြီး Heavy metal ပါဝင်မှု စစ်ဆေးနိုင်ရန်အတွက် မြေနမူနာယူခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေ တောင်သူဦးကြီးများ မိမိတို့ စိုက်ပျိုးသည့် သီးနှံများ ပိုးမွှားရောဂါ ကင်းစင်ပြီး အထွက်နှုန်း ကောင်းကာ မိသားစု အပိုဝင်ငွေ ရရှိစေရေးတို့အတွက် စိုက်ပျိုးရေးဆိုင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တောင်သူများအား မျိုးကောင်းမျိုးသန့် စိုက်ပျိုးသီးနှံမျိုးစေ့များ ဖြန့်ဝေပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


