မန္တလေး   ၃၁   မေ

 

COVID-19 Fund ချေးငွေအား တစ်နိုင်ငံလုံးအတိုင်းအတာအအနေဖြင့် လျှောက်ထားသူ ၁၆၀ဝ ကျော်ရှိပြီး မန္တလေး တိုင်းဒေသကြီးအတွင်းမှ လျှောက်ထားသူ ၄၀ဝ ကျော်တွင် ၉၃ ဦးမှာ ချေးငွေ ရရှိခဲ့သည်။

 

COVID-19 Fund ချေးငွေအဖြစ် နိုင်ငံတော်မှ ငွေကျပ် ဘီလီယံ ၁၀ဝ ကို CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ချေးငွေချထားပေး ခြင်းဖြစ်သည်။

 

" မန္တလေးတိုင်းကနေ လျှောက်ထားတာ ကုန်သည်ကြီးမှာအသင်းကို လာလျှောက်တဲ့လုပ်ငန်းရှင် က ၄၁၇ ဦး ရှိပါတယ်၊ တချို့လည်း အွန်လိုင်းကနေ တိုက်ရိုက်လျှောက်ထားတာတွေရှိပါတယ်၊ အစက ကြေညာထားတာ ဘီလီယံ ၁၀ဝ ဆိုတာ အခုပေးနေတဲ့ချေးငွေပမာဏဟာ တကယ်တန်းဆိုရင် ၁၀ဝ ပြည့်မီဖို့ လိုပါသေးတယ်၊ ပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိကြတဲ့ ချေးငွေမရသေးတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ မျှော်လင့်ရမယ့်တစ်ခုပါ၊ချေးငွေပမာဏ မသိသေးပေမယ့် ရတယ်ဆိုတာနဲ့ဝမ်းသာနေပါတယ်၊ လုပ်ငန်းတွေက အခု ချိန်မှာ အားလုံး ရပ်နားထားရတဲ့အချိန် အခုလိုချေးငွေတွေရရှိတဲ့အတွက် လုပ်ငန်းရှင်တွေ အနေနဲ့လည်း အထောက်အကူအများကြီး ဖြစ်စေပါတယ်၊ ချေးငွေအတိုးနှုန်းကလည်း တစ်ရာခိုင်နှုန်းဆိုတော့ အင်မတန်မှ နည်းပါတယ်၊ စားသောက်ကုန်လုပ်ငန်း၊ ရက္ကန်းလုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်း၊စားသောက်ဆိုင်၊ ကိုယ်ပိုင်ကျောင်း၊ ကျောက်မျက်ရတနာ လုပ်ငန်းတွေလည်းပါတယ် "ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်ကပြောသည်။

 

COVID-19 Fund ချေးငွေနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း လျှောက်ထားမှုတွင် ဒုတိယအကြိမ်တွင် လျှောက်ထားသူ ၁၇၈ဦးတွင် ရွေးချယ်ခံရသူ ၅ဦး၊ တတိယအကြိမ်တွင် လျှောက် ထားသူ ၁၀၁ဦးတွင် ရွေးချယ်ခံရသူ ၁ ဦး၊ စတုတ္တအကြိမ်တွင် လျှောက်ထားသူ ၄၁၇ ဦးတွင် ရွေးချယ်ခံ ထားရသူ ၈၇ ဦးရှိခဲ့ကြောင်းသိရသည်။

 

" COVID-19 Fund ချေးငွေရတဲ့အတွက်ဝမ်းသာတယ်၊ ချေးငွေလျှောက်ထားတဲ့အခါမှာ နိုင်ငံ တော်ကနေချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီလိုရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်၊ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ဆိုင်ထိုင်ရောင်းချတာတွေပိတ်လိုက်ပြီး ပါဆယ်စနစ်နဲ့ ရောင်းခဲ့တယ်၊ ရောဂါကြီးဖြစ်မှာကိုကြောက်လို့ ရုတ်တရက်ပိတ်လိုက်ရတော့ ဝန်ထမ်းတွေကို ချက်ချင်းပြန်လွှတ်ဖို့ အဆင်မပြေဘူး၊ ဝန်ထမ်းတွေအတွက် လစာတွေ စားစရိတ်တွေ ရှိတယ်၊ လုပ်ငန်းဝင်ငွေက လေးပုံတစ်ပုံလောက်အထိ လျော့ကျသွားတယ်၊ ကိုဗစ်အလွန်မှာ လုပ်ငန်းဝင်ငွေက အရင်လောက် ပြန်ကောင်းမယ်လို့ မျှော်လင့် လို့မရဘူး၊ ရလာမယ့်ချေးငွေနဲ့ အသက်ပြန်ဆက်ရမှာ၊ စီးပွားရေးလုပ်ငန်းကိုက်သည်ဖြစ်စေ မကိုက်သည် ဖြစ်စေ ဝန်ထမ်းတွေကို ဆက်ပြီးပေးဆပ်ရမှာတွေကို ပေးဆပ်သွားမှာပါ၊ လက်ဖက်ရည်ဆိုင်တွေပြန်ဖွင့်ခွင့် ရတဲ့အခါမှာလည်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိနိုင်အောင် ကျန်းမာရေးကနေထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ အညီ ကြိုတင်ပြင်ဆင်ထားပါတယ်"ဟု မဟာအောင်မြေမြို့နယ်ရှိ ကောင်းကျော် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးကျော်သူအောင်ကပြောသည်။

 

Coronavirus Disease 2019 (Covid-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက် မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ချေးငွေရရှိသူများအနေဖြင့် ရရှိသည့်ချေးငွေပမာဏနှင့် မိမိတို့ နေထိုင်ရာမြို့နယ်အလိုက်ဆက်လက်ချိတ်ဆက်ဆောင်ရွက်ရမည့် ဘဏ်စာရင်းချိတ်ပိတ် အကြောင်းကြား စာများကို ဇွန်လ ၁ရက်နေ့တွင် MRCCI အသင်းရုံးတွင် ထုတ်ပေးသွားမည်ဖြစ်သည်။

 

ထိပ်ထားနိုင်