ရန်ကုန် ၃၁ မေ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အိမ်ထောင်စုပေါင်း ၈၀၀ သို့ အခြေခံ စားသောက်ကုန်များ လှူဒါန်းခြင်းကို မေလ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း မှ အလှူရှင်များ၏ အကူအညီဖြင့် ပေးအပ်ခဲ့သည်။
သာကေတမြို့နယ်မှ သြလာရိကသုခုမ ဆရာကြီး ဦးရန်အောင်နှင့် ဒေါ်မြင့်မြင့်မိသားစု၊ ဒေါ်ခင်ကြူ(အငြိမ်းစား၊ မူလတန်းကျောင်းအုပ် ၊ Happy World မိသားစု ၊ Yangon Vocational College of Technology ၊ Myanmar Beston International Logistics Co.,Ltd ၊ Chin Power Golden Myanmar Co., Ltd နှင့် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော်နှင့် မိသားစုများက ၁၀ မြောက်ရပ်ကွက်၊ ၇ အရှေ့ရပ်ကွက်၊ ၇ အနောက်ရပ်ကွက်၊ ၃ ရန်ပြေရပ်ကွက်၊ ၄ မြောက်ရပ်ကွက်၊ ၁ ထူပါရုံရပ်ကွက်နှင့် ရှုခင်းသာရပ်ကွက်များရှိ အိမ်ထောင်စု (၈၀၀)အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၈ ပြည် ၊ ဆီ ၁ပိသာ ၊ ကြက်သွန်နီ ၁ ပိသာ ၊ အာလူး ၁ ပိသာ၊ ဆား၊ ငရုတ်သီးခြောက်၊ ငါးနီတူခြောက် ၃၀ သားနှင့် ဟင်းသီးဟင်းရွက်များအား ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့အတူ ၂၀၂၀ခုနှစ် မေလအစောပိုင်းတွင် ဝန်ကြီး ဦးနိုင်ငံလင်းသည် TCMA Engineering Co., Ltd ၊ BFI International College ၊ သုံးရောင်ခြယ် ပြည်သူ့အကျိုးပြု လူမှုကွန်ရက် ၊Excellent Fortune Development Group & Excellent Fortune Foundationတို့၏ CEO အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း ၊ We Love Yangon တို့မှ အလှူရှင်များ၏ အကူအညီဖြင့် သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ခုရှိ အိမ်ထောင်စု(၂၉၉၅)ခုအား မျှဝေ နိုင်ခဲ့ပြီး လက်လုပ်လက်စားပြည်သူများ၊ ကိုယ်ပိုင်အိမ်ရာမရှိသော မိသားစုများနှင့် အနှေးယာဉ် လုပ်သားမိသားစုများပါဝင်သည့် အခြေခံပြည်သူများထံသို့ ဆန်နှင့်ဆီအပါအဝင် အခြေ ခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။
အထူးသဖြင့် နိုင်ငံတော်၏ မျှဝေရေးအစီအစဉ်တွင် မရရှိခဲ့သူများအား ဦးစားပေး မျှဝေခဲ့ခြင်း ဖြစ်ပါသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)


