မြိတ် ၃၁ မေ
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ကမ်းဝေးငါးဖမ်း/ ငါးသယ်ရေယာဉ်များအား ဇွန်လ(၁)ရက်နေ့မှစတင်ကာ စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များနှင့် ရေယာဉ် တည်နေရာ သတင်းအချက်အလက်ပေးပို့ခြင်းမရှိသည့် ရေယာဉ်များကို ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေး ကိရိယာ VMS စနစ် ဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ စောင့်ကြည့်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ VMS စက် ပိတ်ထားပြီးတော့ တားမြစ်ထားသည့် တရားမဝင်ငါးဖမ်းလုပ်ငန်းတွေ ဆောင်ရွက်တာ စိုးရိမ်တာ ရှိပါတယ်။ နောက်တစ်ခုက VMS စက် ပြန်လည်တပ်ဆင်ဖို့မှာ ဖြုတ်သိမ်းသွားတယ်ဆိုရင် ပြန်ပြီး တပ်ဆင်တဲ့အခါမှာ အခက်အခဲတွေရှိသွားမှာစိုးတာလည်းရှိပါတယ်။ အဓိကတော့ ပညာပေး စည်းရုံးဆောင်ရွက် တာလည်း ငါးလလောက်ရှိပြီဆိုတော့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လိုက်နာ ဆောင်ရွက်စေချင်တာပါပဲ။ ရေလုပ်သားတွေ အနေနဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လိုက်နာဆောင်ရွက် စေချင်တဲ့ဆန္ဒက အဓိကပါပဲ ” ဟု တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်း က ပြောသည်။
ကမ်းနီးငါးလုပ်ငန်း ရေပြင်နှင့် တားမြစ်ဧရိယာများသို့ ဝင်ရောက်ငါးဖမ်းဆီးသော စည်းကမ်းဖောက်ဖျက် သည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ယာဉ်များနှင့် တည်နေရာ သတင်းအချက်အလက် ပေးပို့ခြင်းမရှိသည့် ကမ်းဝေး ငါးဖမ်း/ငါးသယ် ရေယာဉ်များအား ဇွန်လ(၁)ရက်နေ့မှ စတင်အရေးယူ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို မေလ(၃၀)ရက်က မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေလုပ်ငန်းရှင်များ၊ လှေပိုင်ရှင်များ၊ လှေဧဂျင့်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
VMS ကို ငါးဖမ်းလှေများတွင် တပ်ဆင်ပြီးစီးခဲ့ပြီး ကမ်းဝေးငါးဖမ်းလှေများမှ ကမ်းနီးဝင်ရောက်မှု၊ တား မြစ်ပိတ်ပင်ထားသည့် ငါးဖမ်းကွက်များဝင်ရောက်မှုများနှင့် VMS စက် ပိတ်ထားသည့်ရေယာဉ်များကို (၅)လခန့် ပညာပေးကာလအဖြစ် သတိပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ပညာပေးဆောင်ရွက်မှုများနှင့် ကြေညာချက်များ ထုတ် ပြန်ထားရှိကြောင်း ၊ VMS စက်ကို ငါးဖမ်းလှေ(၁၅၀ဝ)စီးခန့် တပ်ဆင်ထားပြီး ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ VMS ကတော့ လှေရှင်တွေ လိုလိုချင်ချင်တပ်ပါတယ်။ (၆)လပိုင်း(၁)ရက်နေ့မှ စပြီး အရေးယူမယ်ပြော တယ်။ အရေးယူတဲ့အချိန် လှေတွေကရပ်နားတဲ့အချိန်ဖြစ်နေတယ်။ ရပ်နားတဲ့ အချိန်မှာ အဆင်မပြေတာက စက်ဖွင့်ထားရမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အင်ဂျင် အားလုံးလည်း ရပ်လိုက်ပါတယ်။ တရက်ပျက်ရင် ဒဏ်ငွေငါးသောင်းထိမယ်လို့ သတ်မှတ်ချက်ရှိပါတယ်။ ဒီအတိုင်းမဖြစ်နိုင်ဘူးထင်တာပဲ အခက်အခဲရှိတာပေါ့နော်။ လှေရှင်အပိုင်းကို ပြန်စဉ်းထားသင့်တယ်လို့ ဝန်ကြီးဌာနနဲ့ လွှတ်တော် ပူးပေါင်းပြီး ပြန်ပြီး စဉ်းစားဆုံးဖြတ်ပေးသင့် တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း စာတင်ထားတယ်။ စာအပေါ်မှာလည်း ပြန်ပြီး သုံးသပ်ပေးစေချင် ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။
စည်းကမ်းဖောက်ဖျက်သည့် ငါးဖမ်း/ငါးသယ်ရေယာဉ်များအား အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ် များ ရှင်းလင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး က လုပ်ငန်းစဉ်များနှင့် သတ်မှတ်စည်းကမ်း ချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ တက်ရောက် လာကြသည့် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေလုပ်ငန်းရှင်များ က ငါးဖမ်းရာသီပိတ်သိမ်းချိန်တွင် VMS စက်တပ်ဆင်ထားရန် အခက်အခဲရှိမှုများ၊ ကမ်းဝေး ကမ်းနီး ရေလုပ်သားများ ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သက်ဆိုင်ရာသို့ ဆက်လက်တင်ပြ ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
“ တနင်္သာရီတိုင်းဒေသကြီးက ရေလုပ်ငန်းနှင့် ပတ်သက်လာရင် တော်တော့ကိုဖွံ့ဖြိုးတယ်။ တခြားတိုင်း တွေထက်ဖွံ့ဖြိုးတယ်။ ရခိုင်ဘက်မှာ တနင်္သာရီလောက်မဖွံ့ဖြိုးဘူး။ ငါးဖမ်းအင်အားစု (၃၀ဝ၀) ကျော်ရှိပြီး ဒီမှာက (၁၄၀ဝ)ကျော်ရှိတဲ့အတွက် (၄၆)ရာခိုင်နှုန်း ဒီမှာရှိနေတယ်။ ဒါကလည်း တနင်္သာရီတိုင်းမှာ ကျွန်းစုတွေ၊ ငါးဖမ်းတဲ့ ငါးစားကျက် တွေလည်းပေါများတယ်။ ဒီမှာလည်း ငါးသယံဇာတ ပေါများတာကြောင့် ရေလုပ်ငန်းအပေါ်မှာ ရင်းနှီး မြုပ်နှံမှုတွေများတဲ့အတွက် တနင်္သာရီတိုင်း က တခြားတိုင်းတွေထက်စာရင် တအားဖွံ့ဖြိုးတယ်လို့ သတ်မှတ်ပါတယ်” တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးက သုံးသပ်ပြောဆိုသည်။
တနင်္သာရီကမ်းရိုးတန်းသည် မြန်မာနိုင်ငံတောင်ဘက်ခြမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း (၃)ခု အနက် အရှည်ဆုံးကမ်းရိုးတန်း တစ်ခုဖြစ်၍ ကမ်းရိုးတန်း 1200 km ရှည်လျားသည်။ ကမ်းရိုးတန်း ရေပြင်တွင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဧပြီလအထိ မြိတ်အခြေပြု ကမ်းဝေးငါးဖမ်းငါးသယ် လုပ်ငန်းလုပ်ကိုင်နေသည့် ရေယာဉ် စီးရေ(၁၂၅၀)ခန့်ရှိကာ ကမ်းဝေးရေ လုပ်သားဦးရေ (၂၅၀ဝ၀)ကျော်ဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


