ဖရူဆို ၃၁ မေ
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် ကျေးလက်နှင့် မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးလာစေရေးနှင့် ဒေသခံပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် အလေးပေးဆောင်ရွက်လျှက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်အတူ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ မေ ၃၀ ရက် နံနက်ပိုင်းက ဖရူဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်နယ်ရန်ပုံငွေ)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော ဖရူဆိုမြို့နယ် ဒိုးပရယ်ကျေးရွာအုပ်စု ဖူးခရားခူကျေးရွာမှ တော်ခူကျေးရွာအုပ်စု ခေါပရာကျေးရွာ မြေသားလမ်းနှင့် Box Culvert (၆) စင်း တို့အား ကြည့်ရှု စစ်ဆေးပြီး ခေါပရာကျေးရွာရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ပြည်သူများ၏ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေခဲ့သည်။
ထို့နောက် တင်ပြချက်အပေါ် ရေသွယ်ယူနိုင်ရေးအတွက် ကျေးရွာမှ တာဝန်ယူမှု၊ တာဝန်ခံမှု ဖြင့် စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၂၅၀ သိန်း၊ ဖာလာကြိတ်စက် ဝယ်ယူရန် အတွက် ငွေကျပ် (၆)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ခေါပရာကျေးရွာ ဘုရားကျောင်းတွင် တပ်ဆင်ပြီး ကျေးရွာတစ်ခုလုံး ကြည့်ရှုနိုင်ရန် အတွက် SkyNet (၆) လစာပေးသွင်းပြီး စလောင်း တစ်စုံအား လည်းကောင်း၊ ခေါပရာ ကျေးလက် ကျန်းမာရေးဌာနသို့ သွားရောက်ပြီး လိုအပ်သည့် ကျန်းမာရေးပစ္စည်းဝယ်ယူရန် ငွေကျပ် တစ်သိန်းနှင့် နှာခေါင်းစည်း (၅၀) ပါ တစ်ဘူးအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကာ ကျေးရွာ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍအတွက် ယခုထက် ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် လျှက်ရှိသော ခေါပရာ-သော်ခူ-ပရယ်စော်ခူ-ပလိုဒေးခို-ပလဲလယ် ကျေးရွာချင်းဆက်လမ်း မြေသားလမ်းဖောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မိုးမကျမီ လုပ်ငန်းများ အချိန်မီပြီးစီးစေရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဖရူဆိုမြို့ ညောင်ဇင်ရပ်ကွက်ရှိ ရေပေးဝေရေးလုပ်ငန်းတွင် ပါဝင်သည့် ဂါလံ (၁၀ဝ၀ဝ)ဆံ့ ရေစုကန် ဆောင်ရွက်နေမှု အခြေအနေနှင့် မြို့အဝင်တွင် လမ်းအရှည် ၁၁၁၀ ပေ၊ လမ်းအကျယ် ၁၂ ပေရှိ မြို့ဦးလမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


