မင်းဘူး ၃၁ မေ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ရှိ ကျေးရွာ ၇၂ ရွာကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ် ၁၀ သန်းနှင့် ပြည်သူ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို မင်းဘူးခရိုင်တွင် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်မှစတင်ကာ ယခုဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း ၁၈၄ ရွာအား ပံ့ပိုးငွေများပေးအပ်ခဲ့ပြီး ၎င်းစီမံကိန်းကို ကျေးရွာပြည်သူများမှ ရွေးချယ်တင်မြေှာက်သော ကော်မတီဝင်များ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် စီမံကိန်းထောက်ပံ့ငွေနှင့် ကျေးရွာ လူထုမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ပြီး ကျေးရွာပြည်သူများ ကိုယ်တိုင် မိမိတို့ကျေးရွာ၏ အဓိက ဆောင်ရွက်ရန် လိုအပ်သော လမ်းတံတား၊ ရေရရှိရေး၊ မီးလင်းရေးနှင့် ခန်းမဆောင် စသည့် လုပ်ငန်းများကို ဦးစားပေးအဆင့် အလိုက် ထည့်သွင်းကာ လုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ရသည့် စီမံကိန်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း လိုအပ်သော နည်းပညာအထောက်အပံ့များကို ကြီးကြပ်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို လွှတ်တော်ကိုယ်စား လှယ်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိ သူများက ကျေးရွာ ၇၂ ရွာကို အတည်ပြုရွေးချယ်ခဲ့ပြီး ယင်းကျေးရွာများတွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများအနေဖြင့် လမ်းလုပ်ငန်း ၄၁ လမ်း၊ တံတား ၂ စင်း ၊ ရေပေးရေးလုပ်ငန်း ၄ ခု၊ မီးလင်းရေးလုပ်ငန်း ၁၉ ခု၊ စာသင်ကျောင်းဆောင် ၂ ခု ၊ အခြားလုပ်ငန်၂ ခု နှင့် ဘက်စုံသုံးခန်းမ ၆ ခု စုစုပေါင်းလုပ်ငန်းခွဲ ၇၆ ခုတို့အား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာ ပြည်သူများထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၈၂၅ ဒသမ ၃ သန်းကျော်ဖြင့် မတ်လ ဒုတိယပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ပါတယ် ဟု မင်းဘူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


