မင်းဘူး ၃၁ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးတွင် ပဲတီစိမ်းစိုက်တောင်သူများ မျို့စေ့ လေလွင့် ဆုံးရှုံးမှု မဖြစ်စေရန်နှင့် သွင်းအားစု ကုန်ကျစရိတ်နည်းပါးစေရန် ရည်ရွယ်၍ ပဲတီစိမ်းကို မျိုးစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
“အခုကိရိယာနဲ့ စိုက်ရတာ မျိုးစေ့ဖိုးရော အလုပ်သမားခပါ တော်တော်သက်သာတယ်၊ အရင်က ပဲတီစိမ်းစိုက်ရင် ၁ ဧက ကို မျိုးစေ့ ၄ ပြည်လောက်သုံးရတာ အခုမျိုးစေ့ချကိရိယာနဲ့ အသုံးပြုပြီး စိုက်လိုက်တာ ၂ ပြည်လောက်ပဲကုန်တယ်၊ မျိုးစေ့ ၁ ပြည်ရဲ့တန်ဖိုးဟာ ၄၀၀၀ မှ ၅၀၀၀ ထိရှိပါတယ်၊ တွက်ကြည့်ရင်တောင်သူတွေအတွက်များစွာ အကျိုးရှိစေတဲ့စိုက်ပျိုးရေးသုံး ကိရိယာမျိုးဖြစ်ပါတယ်၊ အခုလို စိုက်ပျိုးရလွယ်ကူစေတဲ့ မျိုးစေ့ချကိရိယာတွေ ထပ်မံရရှိပြီး အရီးတို့လို့ ပဲစိုက်တောင်သူများကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်၊ ၁ ဧက ကို ထွက်နှုန်းကတော့ ပျမ်းမျှ ၁၆ တင်းမှ ၁၈ တင်းထိ ထွက်ရှိပြီး ၁ တင်းကို ငွေကျပ် ၆၀၀၀၀ ကျော်ရှိတယ်၊ အရီးတို့ကို အခုလို လာရောက်ပြီး မျိုးစေ့ရော၊ နည်းပညာတွေကိုပါ ဖြန့်ဝေကူညီ ဆောင်ရွက်ပေးတာ ကျေးဇူးတင်ပါတယ်” ဟု မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူ ဒေါ်သင်းသင်းက ပြောပြသည်။
“ပဲတီစိမ်းသီးနှံဟာ မိုးနှမ်းပြီးရင် ဒုတိယ သီးနှံအနေနဲ့ စိုက်ပျိုးတဲ့သီးနှံလည်းဖြစ်ပါတယ်၊ သီးကုန်း၊ မုန်တောင်၊ ကျွန်းပြား၊ ဓါတ်ကုန်း စတဲ့ ကျေးရွာတွေမှာတော့ ပဲတီစိမ်းကို မိုးဦးမှာစိုက်ပျိုးကြပါတယ်၊ လုပ်သားရှားပါးနေတဲ့အချိန်မှာ မျိုးစေ့ချကိရိယာနဲ့ စိုက်ပျိုးခြင်းအားဖြင့် လုပ်သားရှားပါးတဲ့ပြသနာကို တစ်ဖက်ကဖြေရှင်းနိုင်သလို မျိုးစေ့ချကိရိယာ၏ ဖွဲ့စည်းတည်ဆောက်ပုံအရ မျိုးစေ့အလေအလွင့် နည်းစေပါတယ်၊ တောင်သူတွေအနေနဲ့ ၁ ဧက ကို ၂ ပြည် လောက် သက်သာတယ်ဆိုရင် ငွေကျပ် ၈၀၀၀ လောက်သက်သာတဲ့အတွက် ဧကများများစိုက်ပျိုးတဲ့ တောင်သူများဟာ စိုက်ပျိုးစရိတ် သွင်းအားစုအနေနဲ့ မျိုးစေ့ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ် ပိုမိုရရှိစေမှာဖြစ်ပါတယ်၊ အစိုဓါတ်မကွာမီ မျိုးစေ့ချကိရိယာရဲ့အောက် မြေကြီးထဲ ၂ လက်မနဲ့ ၃ လက်မထိ နစ်ဝင်သွားတဲ့အတွက် မျိုးစေ့များ လေလွင့်ဆုံးရှုံးမှုမရှိတော့ဘဲ မြေအောက်ရောက်သွားတဲ့ မျိုးစေ့တိုင်းဟာ အပင်ပေါက်သွားတဲ့အတွက် များစွာ အကျိုးဖြစ်ထွန်းစေပါတယ်” ဟု မင်းဘူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းနိုင်ဝင်း က ပြောပါသည်။
အဆိုပါ မျိုးစေ့ချကိရိယာ၏ အားသာချက်များသည် မျိုးစေ့ချနှုန်းထား အထူအပါးချိန်စနိုင်ခြင်း၊ ပေါ့ပါးပြီး အသုံးပြုရအဆင်ပြေသည့်အတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ပဲမျိုးစုံဌာနစိတ်နှင့် ချိတ်ဆက်၍ မင်းဘူးမြို့နယ်တွင် စွန့်ဦးတီထွင်ပြီး အသုံးပြုခြင်း ဖြစ်ကြောင်း၊ ၎င်းမျိုးစေ့ချ စိုက်ပျိုးရေးကိရိယာကို ကိုရီးယားနိုင်ငံမှ COPIA အစီစဉ်ဖြင့် ရရှိပြီး စမ်းသပ်အသုံးပြုခြင်းဖြစ်ကြောင်း၊ ရေမြေဒေသနှင့် ကိုက်ညီမှုရှိပါက တောင်သူများအတွက် ခရိုင်၊ တိုင်းဒေသကြီးနှင့် ရုံးချုပ်သို့ အဆင့်ဆင့် တင်ပြပြီး ပိုမိုရရှိနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း နှစ်စဉ်ပဲတီစိမ်းကို ဧက ၅၀၀၀၀ ကျော် စိုက်ပျိုးလျှက်ရှိကြောင်း၊ အဆိုပါ မျိုးစေ့ချကိရိယာကို အသုံးပြု၍ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာရှိ တောင်သူ ဒေါ်သင်းသင်း၏ ယာမြေကွက်တွင် Rhizobium (ခေါ်) ပဲမြစ်ဖုဇီဝမြေဩဇာ လူးနယ်ဆေးကို ၁ ဧက ၁ထုတ်နှုန်း၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် ပဲတီစိမ်းမျိုးစေ့များကို အခမဲ့ပံ့ပိုးကူညီပေးပြီး လက်တွေ့သရုပ်ပြ စမ်းသပ် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


