ညောင်ဦး    ၃၁ မေ      

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေး မြေယာပြုပြင်ထွန်ယက်ရန် အခက်အခဲရှိ တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီး (၅)စီးဖြင့် ထွန်ယက်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ဖြိုးထံက သိရသည်။

 

 “ အခု ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း ညောင်ဦးမြို့နယ်ရှိ တောင်ဘီရွာ၊ ပျော်ဘွယ်ရွာ၊ မီးလောင်ပြားရွာနှင့် ရွာသစ်ကျေးရွာရှိ တောင်သူများပိုင် လယ်ယာမြေဧက (၂၇၅၀) ကို စိုက်ပျိုးနိုင်ရေး ပြုပြင်ထွန်ယက်ပေးပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 

 ထို့ပြင် တောင်သူများပိုင်ဆိုင်သည့် လက်ထွန်းထွန်စက်၊ ထွန်စက်ကြီးများကိုလည်း စက်ချို့ယွင်း ပျက်ဆီးပါက ရုံးစိုက်တဲ့နေရာသို့ မောင်းနှင်၍ရလျှင် ဌာနရုံးဝန်းအတွင်းမှာပဲ ပြုပြင်ပေးပြီး မောင်းယူ၍မရသော အခြေအနေဆိုလျှင် ဌာနမှကျွမ်းကျင် စက်ပြင်ဝန်ထမ်းများနဲ့ ကျေးရွာအရောက် လိုက်လံပြင်ဆင်ပေးခြင်း၊ မြေယာမြေပြုပြင် ထွန်ယက်ရာတွင်လည်း  ဌာနမှသတ်မှတ်ထားသော ထွန်ယက်ရေး ဝန်ဆောင်မှု ဈေနှုန်းများအတိုင်း ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ထွန်ယက်ရန် အခက်အခဲရှိ သည့် ကျေးရွာ (၄) ရွာရှိ လယ်ယာမြေဧက (၂၇၅၀) ကို ထွန်ယက်ပေးနိုင်ခဲ့ပြီး တောင်သူပိုင် ပျက်စီးချွတ်ယွင်းသည့် လက်ထွန်းထွန်စက် (၂) စီး၊ ထွန်စက်ကြီး( ၃) စီး ပြုပြင်ပေးနိုင်ခဲ့ပြီး ပြုပြင်ရာတွင်လည်း ပစ္စည်းဖိုးသာတောင်းခံ၍ လက်ခအခမဲ့ဖြင့် ကျေးရွာအရောက် ကူညီဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးနိုင်ရေး ထွန်ယက်ရန် အခက်အခဲရှိပါက အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)