ရွှေကူ ၃၁ မေ   

 

သဘာဝရေထွက် သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သားငါး ပေါက်ဖွားရာ ရေပြင်၊ ရေရိုးများ မပျက်စီးရေး၊ ငါး၊ ပုစွန် မျိုးပြုန်းတီးမှုမှကာကွယ်ရေး၊ ပြည်သူများ စားသုံးမှု ဖူလုံစေရေးတို့အတွက် ငါးရစ်/ငါးသန်ရာသီချိန်တွင် ငါးဖမ်းဆီးခြင်း၊ တားမြစ်ထားသော ငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းဆီးခြင်း၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်း၊ လျှပ်စစ်ဓါတ်အားကို အသုံးပြု၍ ငါးဖမ်းဆီးခြင်း၊ အဆိပ်အတောက် ဓါတုပစ္စည်းများဖြင့် ငါးဖမ်းဆီးခြင်းတို့ကို မပြုလုပ်ကြရန်အတွက် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် ဝန်ထမ်းများက ပြည်သူများသို့ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

           

ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်၊ ချောင်း၊ အင်းအိုင်အနှံ့ပြား၌ ဉများဖြင့် ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည် ပြည့်ဝနေသော ငါးထီးကြီးများသည် ဉချရန်နေရာလာရှာ၍ ငါးရစ်တက်ကြကြောင်း၊ ထိုငါးရစ်ကြီးများကို ဖမ်းဆီးလိုက်ပါက ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များသည် သေကြေပျက်စီးကြကာ ရေရှည်စဉ်ဆက်မပြက် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံးငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရေးကို  အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွားနိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၂/၉၂ဖြင့် ငါးရစ်ငါးသန်ရာသီချိန်တွင် ငါးများဖမ်းဆီးခြင်း မပြုရန် တားမြစ်ထားပါသည်။

 

အဆိုပါ တားမြစ်ချက်ကို  ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဉပဒေအရ ဖမ်းဆီးတရားစွဲဆို အပြစ်ပေးနိုင်ရန် ပြဌာန်းထားပါကြောင်း၊ သို့ပါ၍ ငါးရစ်တက် ချိန်နှင့် ငါးသားပေါက်သော မိုးရာသီအချိန်များတွင် ငါးရစ်ငါးများလွတ်လပ်စွာ ဉချသားပေါက်နိင်ရေးနှင့် နုနယ်လှသည့် ငါးသားပေါက်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်ရေးအတွက် ငါးရစ်ငါးများနှင့် ငါးသား ပေါက်များကို ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြရန်အတွက် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး အရာရှိ ဦးစိုးနိုင်နှင့် ဝန်ထမ်းများက ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)