ကယားပြည်နယ် ၃၁ မေ
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း COVID -19 ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ရေး လုပ်ငန်းများအား ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် မေလ (၃၀) ရက်နေ့က ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးမှူး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖရူဆိုမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး သက်ဆိုင်ရာဌာနများ စုပေါင်းပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ညွှန်ကြားချက်များနှင့်အညီ မှတ်တမ်းများ ထားရှိဆောင်ရွက်မှု နှင့် စစ်ဆေးဆောင်ရွက်မှု အခြေအနေ၊ တာဝန်ကျ ဝန်ထမ်းများအနေဖြင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆောင်ရွက်နိုင်ရေး၊ စစ်ဆေးရေးဂိတ်တွင် လိုအပ်သော ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများ လုံလောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီးမော့ဆိုမြို့နယ်အတွင်း လက်ရှိဖွင့်လှစ်ထားရှိသည့် အထက (ဒီးမော့ဆို) နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ Community Based Facilities Quarantine ဝင်ရောက်သူ (၄၇) ဦးအတွက် တစ်ရက်တာ အဟာရအတွက် ငွေကျပ် (၁၄၀၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။