ကြာအင်းဆိပ်ကြီး ၃၁ မေ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ်သဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်း စိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက သံပုရာကျေးရွာဆိပ်ကမ်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ငါးသားပေါက်စိုက်ထည့်ခြင်းကို ပြည်နယ်/ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ငါးခုံးမကြီးသားပေါက်ကောင်ရေ ခုနစ်သောင်းနှင့် ရွှေဝါငါးကြင်း သုံးသောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းကို ဇမိမြစ်အတွင်းသို့ စိုက်ထည့်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းသည် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်များအတွင်း ငါးသယံဇာတ တိုးပွားလာစေရေး၊ ဒေသခံပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ငါးစားသုံးမှု ဖူလုံလာစေရေးအတွက် ရည်ရွယ်ကာ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီမှူး ဒေါ်အေးအေးဇော်နှင့် ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူများက ဇမိမြစ်အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ငါးရစ်ငါးသန်ကာလ ငါးဖမ်းခွင့် မပြုသောရာသီချိန်တွင် မြစ်အတွင်း ငါးဖမ်းဆီးမှုမရှိစေရေးအတွက် ဇမိမြစ်ရိုးတစ်လျှောက် စက်လှေများဖြင့် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


