နေပြည်တော် ၃၁  မေ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း၊ အဆောက်အဉီ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဉီးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များသည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ မန္တလေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်အတွင်းရှိ အဆောက်အဉီ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဉီးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဉီးစီးဌာနတို့မှ ဆောင်ရွက်နေသောလုပ်ငန်းများကို Video Conferencing ဖြင့် ချိတ်ဆက်၍ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဘုန်းလွင်က မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတိုးတက်မှု၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်း တိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်စွာထွန်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် တံတားတည် ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးက မန္တလေး တိုင်းဒေသကြီးအတွင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်းလမ်း (၁၃ ဒသမ ၄၇၈ ကီလိုမီတာ) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ တောင်သာမြို့နယ်၊ တောင်သာ-ဇဂျမ်း- မြင်းခြံလမ်း( ၁ ဒသမ ၆၀၉ ကီလိုမီတာ) ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြစ်သားမြို့နယ်၊ ရွာရှည်-ဘုံကွင်းလမ်း(၁ ဒသမ ၆၀၉ ကီလိုမီတာ) ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြစ်သား-ညောင်ဝန်း- တကိုယ်တည်း လမ်းပေါ်ရှိ ပန်းလောင်မြစ်ကူး သံကူကွန်ကရစ်တံတား(၅၄ ဒသမ ၈၆ မီတာ)တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရွာမုန်းကြီး-သိုတန်- ဆင်းကွတ်လမ်းပေါ်ရှိ စမာမြောင်းကူးတံတား (၁၂ဒသမ ၂ မီတာ)တည်ဆောက်ခြင်းလုပ်ငန်း၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်-ပင်လိန်-ဆေးတစ်လုံးလမ်း(၀ ဒသမ ၉ ကီလိုမီတာ) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း များဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း။ 

 

ပုသိမ်ကြီးမြို့နယ်၊ အုန်းချော-ဆည်တော်-ဂိုက်တန်းကျေးရွာချင်း ဆက်လမ်း(၁ ဒသမ ၉၇၅ ကီလိုမီတာ) ကတ္တရာ ခင်းခြင်းလုပ်ငန်း၊ တောင်သာ-ဇဂျမ်းလမ်းပေါ်တွင် Box ပါ ကွန်ကရစ် ရေကျော် (၁)စင်း (၂၁ ဒသမ ၉၄ မီတာ) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဝဲလောင်-ကျီးပင်တဲ-နဂါးဗိုလ်လမ်းပေါ်ရှိ ဘေလီတံတား(၂၄ ဒသမ ၅ မီတာ) တည်ဆောက်ခြင်းလုပ်ငန်း ၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မကျီးကန်လမ်း (၂ ဒသမ ၀၀၇ ကီလိုမီတာ) ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် (၁ ဒသမ ၂၀၇ ကီလိုမီတာ) ရေပိတ်လွှာလောင်းခြင်းလုပ်ငန်း၊ ညောင်းဉီးမြို့နယ်အတွင်း မျှဝေခြင်းအစီအစဉ်ဖြင့် ဆောင်ရွက်နေသော လမ်းလုပ်ငန်းများနှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်း မျှဝေခြင်း အစီအစဉ်ဖြင့် ဆောင်ရွက်သော လမ်းလုပ်ငန်းများကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူး ဉီးသက်နိုင်က (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာများကို မြို့နယ်ပေါင်း (၇) မြို့နယ်တွင် (၄)ခန်းတွဲ (၄)ထပ် (၁၃)လုံး၊  အိမ်ခန်း ယူနစ်ပေါင်း(၂၀၄) ခန်း ၊  ခရိုင်ရုံး(၁)ရုံး၊  Community Center  အဆောက်အဉီ (၁)လုံးနှင့် Infrastructure လုပ်ငန်း(၁၁)ခု ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် အဆောက်အဉီများ၏ ပျမ်းမျှပြီးစီးမှုရာခိုင်နှုန်းမှာ (၅၃)ရာခိုင်နှုန်းနှင့် Infrastructure လုပ်ငန်းများ၏ ပြီးစီးမှုရာခိုင်နှုန်းမှာ  (၇၃)ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊   မန္တလေး တိုင်းဒေသကြီးအတွင်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနိုင်မှုအခြေအနေမှာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် (၄၆၀)ခန်း၊ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် (၄၇၆)ခန်း၊ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် (၁၀၅၈)ခန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် (၂၀၄)ခန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၄)နှစ်တာကာလ အတွင်း ဝန်ထမ်းအိမ်ခန်းပေါင်း (၂၀၀၄)ခန်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဉီးစီးဌာနမှ အိမ်ခန်းပေါင်း (၄၀၄၄)ခန်းနှင့် အခြားဌာနများမှ (၂၂၀၉၄) ခန်း ဆောက်လုပ် ပြီးစီးခဲ့၍ စုစုပေါင်း (၂၆၁၃၈)ခန်း ရှိပြီးဖြစ်ပါကြောင်း၊ ခန့်အပ်ဝန်ထမ်းအင်အားနှင့် နှိုင်းယှဉ်ပါက (၂၅ ဒသမ ၀၇) ရာခိုင်နှုန်း ဝန်ထမ်း(၄)ဉီးလျှင် အိမ်ခန်း (၁)ခန်းနှုန်းဝန်ထမ်းများကို အိမ်ခန်းများစီစဉ်ဆောင်ရွက်ပေးနိုင်ပြီး ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်း(၃)ဉီးလျှင် အိမ်ခန်း(၁)ခန်းနှုန်း စီစဉ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အဆောက်အဉီ ဉီးစီးဌာန၊ အဆောက်အဉီ အထူးအဖွဲ့(၆)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဉီးကျော်သီဟက မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော အဆောက်အဉီ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Video Clip ဖြင့် ပြသသည်။

 

ဆက်လက်၍ ကယားပြည်နယ်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးပြည်ဖြိုးဆယ်က ကယားပြည်နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ကယားပြည်နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။ 

 

ထို့နောက် တံတားဉီးစီးဌာန၊ တံတားအထူးအဖွဲ့(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးရှင်းသန့်ထွဋ်က ကယားပြည်နယ်အတွင်း ဆောင်ရွက်ပြီးစီးနေသည့် တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကိုရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)  ဉီးအောင်ဆန်း မှ ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုးမြို့နယ် ၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ လွိုင်ကော်မြို့နယ်အလိုက် ကျေးလက်လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့်ရှင်းလင်းတင်ပြပြီး ကျေးလက်လမ်း/ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် ကယားပြည်နယ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူး ဉီးကျော်ဆန်းဝင်းက ကယားပြည်နယ် အတွင်း ဆောင်ရွက်လျက်ရှိသော အိမ်ရာစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မန္တလေးတိုင်းဒေသကြီးအတွင်း အဆောက်အဉီ၊ လမ်းအပိုင်း၊ တံတားများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်း/ တံတားများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူများအတွက် နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာစီမံကိန်းလုပ်ငန်းများ တိုးတက်မှုတို့ကို တွေ့မြင်ရသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ ဆက်လက်၍တိုးတက်အောင် ကြိုးပမ်းဆောင်ရွက် စေလိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်စေ လိုပါကြောင်း ။

 

ကယားပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊ အိမ်ရာစီမံကိန်းများနှင့် ကျေးလက်လမ်း/တံတားများ တိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရန် လိုပါကြောင်း၊ ရန်ပုံငွေများ ကိုလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျသုံးစွဲရန် လိုပါကြောင်း၊ မိုးတွင်းကာလလမ်းများ ရေစီးရေလာကောင်းမွန်ရေး အထူးအရေထားဆောင်ရွက်ရန် လိုပါကြောင်း မှာကြားသည်။

 

သတင်းစဉ်