၃၁ မေ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဉီးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆဋ္ဌမအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံး၊ စင်ကာပူမြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ညှိနှိုင်းလျက် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိရာ ပထမအသုတ်အဖြစ် (၁၄၄)ဦးအား ၇-၅-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအသုတ်အဖြစ် (၁၄၄)ဦးအား ၉-၅-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ တတိယအသုတ်အဖြစ် (၁၄၅)ဦးအား ၁၃-၅-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအသုတ်အဖြစ် (၁၄၄) ဦးအားလည်းကောင်း၊ ပဥ္စမအသုတ်အဖြစ် (၁၄၅)ဦးအား လည်းကောင်း၊ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်သည့်အတွက် ယနေ့ ဆဋ္ဌမအသုတ် အပါအဝင် စုစုပေါင်း (၈၇၃)ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


