မန္တလေး ၃၁ မတ်
မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနရှိ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု စမ်းသပ် စစ်ဆေးရေး စက်နှစ်လုံးဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရေး လုပ်ငန်းများကို ဇွန်လဆန်းပိုင်း ရောက်မှသာ စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စက်နှစ်လုံးက ထွက်ရှိလာသည့် ဓါတ်ခွဲ အဖြေများကို ရန်ကုန်မှစစ်ဆေးသည့် ရလဒ်အဖြေများနှင့် ကိုက်ညီမှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ကိုဗစ်-၁၉ သတင်းမှန်ပြန်ကြားရေး နှင့် သတင်းအမှား ဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ပြီး သတင်းစောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်ဆိုင်း က ပြောသည်။
ရန်ကုန်မြို့မှ ပေးပို့ခဲ့သော ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေး အဖြေထွက်ရှိပြီး ဓါတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ ကိုဗစ်-၁၉ စစ်ဆေးရေး စက်နှစ်လုံး၌ မေ ၂၈ ရက် က စတင်၍ ပြန်လည် စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ စစ်တဲ့အခါမှာလည်း ထွက်လာတဲ့ အဖြေလည်း ကိုက်ညီမှုရှိတယ်။ ထွက်လာတဲ့ အဖြေရော၊ စက်ကိုင်တွယ်မှုရော၊ ကျွမ်းကျင်မှုရော ကျေနပ်မှုရှိတယ်ဆိုတဲ့ သဘောပေါ့။ မနေ့က တစ်နေကုန် အစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်။” ဟု ဦးစိုင်းပန်ဆိုင်းက ပြောသည်။
စက်နှစ်လုံးကို မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ ၃၅ လမ်း ၊ ၆၄ လမ်း နှင့် ၆၆ လမ်းကြားရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ရုံးအတွင်း တပ်ဆင်ထားပြီး အဆိုပါ စက်နှစ်လုံးဖြင့် တစ်ရက်လျှင် ပျမ်းမျှ ဓါတ်ခွဲနမူနာ ၅၄၀ ခန့် စစ်ဆေးနိုင်မည်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကပြောသည်။
ဖြိုးအိ


