နေပြည်တော် ၃၁ မေ
မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် နံနက် ၁၀ နာရီခန့်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းတွမ်းကားလမ်း၊ ဂျူးလုကျေးရွာအနီးတွင် စစ်ဆေးရေး ပြုလုပ်နေစဉ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးသည် စစ်ဆေးနေသည့် နေရာသို့ မရောက်မီ ကိုက် ၁၀၀ ခန့်အကွာတွင် မော်တော်ဆိုင်ကယ်ကို လှဲချပြီး လျှိုအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀,၀၀၀ ကိုလည်းကောင်း။
အလားတူ နံနက် ၁၁ နာရီခွဲခန့်တွင် အဆိုပါနေရာသို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် TOYOTA REVO အမျိုးအစား မော်တော်ယာဉ်သည် စစ်ဆေးနေသည့်နေရာသို့ မရောက်မီ ကိုက် ၁၀၀ ခန့်အကွာတွင် နောက်ပြန်လှည့်၍ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ အရှိန်တင်မောင်းနှင် ထွက်ပြေးသွားခဲ့သောကြောင့် သတိပေး ပစ်ခတ်ခဲ့ရာ အဆိုပါမော်တော်ယာဉ် ဘီးပေါက်သွားခဲ့ကြောင်း၊ ယာဉ်မောင်းမှာ တောင်စောင်းလျှိုအတွင်းသို့ ထွက်ပြေး သွားသဖြင့် မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃,၀၀၀,၀၀၀ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၄၈,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်


