ရန်ကုန် ၃၁ မေ
မေ ၅ ရက် နံနက် ၉ နာရီက တရားလို ဒေါ်-----သည် တူဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ ခွန်နီလမ်း၊ အေးဓမ္မာရုံရှေ့ရှိ မာလကာပင်မှ မာလကာသီးခူးရန်ပြင်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်း၏လည်ပင်းမှ ဆွဲသီးပါ ရွှေချိန် (၁) ကျပ်ခွဲသားခန့်ရှိ ဆွဲကြိုးအား ဆွဲဖြတ်ယူဆောင်သွားသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြစ်မှု ကျူးလွန်သူအား အမြန်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူသည် သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ ဦးထွန်းစိန်လမ်းနေ လင်းသူဖြစ်ကြောင်း သတင်းရရှိခဲ့သည်။
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ပဲခူးတိုင်းဒေသကြီး၊ သက္ကလ၊ ပဲခူး-ခရမ်း ကားလမ်းမပေါ်ရှိ ဇွဲတွံတံတားပေါ်တွင် လင်းသူ နှင့် စိုးမင်းအောင် တို့ နှစ်ဦးကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် CANDA-125 CZI ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ လင်းသူ နှင့် စိုးမင်းအောင်တို့ နှစ်ဦးကို စစ်ဆေးခဲ့ရာ အလားတူ ရွှေဆွဲကြိုး လေးကုံးနှင့် ဖုန်း ၁၁ လုံး လုယက်ခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့နှစ်ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့