ဆားလင်းကြီး ၁ ဇွန်

 

COVID-19 ရောဂါ တားဆီးကာကွယ်နှိမ်နင်းရေးအတွက် စေတနာ့ဝန်ထမ်းများအား ဆင့်ပွား သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၁ ရက် နံက် ၉ နာရီက ဆားလင်းကြီးမြို့နယ် မြို့နယ်ခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား၌ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်နှင့် ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမြင့်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ တာဝန်ရှိသူများက စေတနာ့ ဝန်ထမ်းသင်တန်း လက်စွဲစာအုပ်ပါ COVID-19 ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စေတနာ့ဝန်ထမ်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်၊ ပြောဆိုဆက်သွယ် ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှု ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့စို့ကလေးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါဝေဒနာရှင်များအား ပြုမူပြောဆိုဆက်ဆံ ဆောင်ရွက်ပေးကြရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းသင်ကြား ပေးသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းသို့ ဆားလင်းကြီးမြို့နယ်အတွင်းမှ စေတနာ့ဝန်ထမ်းလူငယ် အမျိုးသား အမျိုးသမီး ၁၅၀ ခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

 

ဦးငယ်(ဆားလင်းကြီး)