မင်းဘူး ၁ ဇွန်

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ပန်းတောင်ကျေးရွာအုပ်စု ပန်းတောင်းကျေးရွာတွင် ဒေသခံ ပြည်သူများ ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးအသုံးပြုနိုင်စေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ၄၀ဝ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ပန်းတောင်ကျေးရွာတွင် ကျေးရွာတွင်း ၄၀ဝ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းအား ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးရေး (VDP) စီမံကိန်းမှ ငွေကျပ် ၁၀ သန်း ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် သုည ဒသမ ၅ သန်း စုစုပေါင်းငွေကျပ် ၁၀ ဒသမ ၅ သန်းဖြင့် အရှည်ပေ ၁၅၀ဝ ရှိ ၄၀ဝ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းအား မတ်လ ဒုတိယပတ်မှစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျေးရွာတွင်း ၄၀ဝ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး သွားပြီဖြစ်၍ ပန်းတောင်းကျေးရွာရှိ အိမ်ခြေ ၂၈၀ အိမ် လူဦးရေ ၁၀ဝ ဦးအား အကျိုးပြု သွားမည်ဖြစ်ပါကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြသည်။

 

မင်းဘူးမြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းတောင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၆ ရွာတွင်  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့်  မြေနီကျောက်စရစ်လမ်းလုပ်ငန်း ၅ ခု ကွန်ကရစ်လမ်းလုပ်ငန်း ၄ ခုနှင့် မီးလင်းရေးလုပ်ငန်း ၇ ခု စုစုပေါင်းလုပ်ငန်း ၁၆ ခုတို့အား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူများ ထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၁၈၆ ဒသမ ၁ သန်းဖြင့် မတ်လ တတိယပတ်မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)