ပဲခူး ၁ ဇွန်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ စီစဉ်မှု၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (ပဲခူးတိုင်းဒေသကြီး) တို့၏ ကြီးကြပ်မှုဖြင့် ဇွန် ၁ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ပဲခူးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ပဲခူးမြို့နယ်အတွင်းမှ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရန် ဆန္ဒပြုထားကြသည့် စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်း (၁)ဦးစီအတွက် လုံခြုံရေးအကာအကွယ်များ ဆောင်ရွက်ပေးခြင်း၊ အနေအထိုင် အစားအသောက် အသွားအလာများတွင် လိုအပ်ချက်များ ပံ့ပိုးကူညီပေးခြင်း၊ လုံလောက်သော အပန်းဖြေ အနားယူမှုရှိစေခြင်းနှင့် နိုင်ငံတော်မှအသိအမှတ်ပြု ကတ်ပြားများ၊ တံဆိပ်များချီးမြှင့်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက ဆရာများအား မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ မြန်မာနိုင်ငံဆရာဝန်အသင်း (ပဲခူးတိုင်းဒေသကြီး) အတွင်းရေးမှူး ဒေါက်တာနေမျိုးမှ သင်တန်းနည်းပြဆရာဝန်များနှင့် မိတ်ဆက်ပေးခြင်းနှင့် သင်တန်းတွင် ပို့ချသင်ကြားမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား ဇွန် ၁ ရက်မှ ၂ ရက်အထိ တစ်နေ့လျှင်(၂)ကြိမ် မြန်မာနိုင်ငံဆရာဝန်အသင်း (ပဲခူးတိုင်းဒေသကြီး) မှ သင်တန်းနည်းပြဆရာဝန်များက စေတနာ့ဝန်ထမ်းလမ်းညွှန်၊ Communication ဆက်သွယ်ပြောဆိုမှုဆိုင်ရာများ၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း (အမျိုးသမီးအကြမ်းဖက်မှုများ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့စို့ကလေးသူငယ်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါဝေဒနာရှင်များ)၊ မိမိကိုယ်ကို ရောဂါကာကွယ်နည်လမ်းများ၊ PPE လက်တွေ့အသုံးပြုပုံ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်စွန့်ပစ်ခြင်း၊ အထွေထွေဆွေးနွေးခြင်း စသည့်အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ မေ ၁၈ ရက်မှစတင်ပြီး တိုင်းဒေသကြီးအတွင်းရှိ Quarantine Site များတွင် (၂၁)ရက်တာ ပြင်ပသို့မထွက်ဘဲ တာဝန်ထမ်းသော Volunteer များအား ပြင်ပရှိ သတ်မှတ်ရိပ်သာများတွင်ရှိနေစဉ် စွမ်းရည်မြှင့်တင်သော သင်တန်းပေးခြင်း အစီအစဉ်အနေဖြင့် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့ရှိ စေတနာ့ဝန်ထမ်း Volunteer များအား ဆင့်ပွားသင်တန်းပေးခဲ့ရာ မေ ၃၀ ရက်အထိ စေတနာ့ဝန်ထမ်း သင်တန်းသားပေါင်း (၁၉၄)ဦး သင်တန်းပေးနိုင်ခဲ့ပြီးဖြစ်ပြီး ရှေ့ဆက်လက်၍လည်း ဇွန်လမှစတင်ကာ COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် မပါဝင်သော်လည်း စေတနာ့ဝန်ထမ်းလုပ်ငန်းများကို စိတ်ပါဝင်စားပြီး လက်တွေ့တွင် လူမှုရေး ကူညီစောင့်ရှောက်နေသူများကို စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းများ ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


