လွိုင်ကော် ၁ ဇွန်
ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၀)အား ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်သည့် အချိန်ကစပြီး အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ပေးသော ကော်မတီဝင်များကို အတိုင်းအတာတစ်ခုအထိ အားရကျေနပ်မှုရှိကြောင်း၊ မိမိတို့ အဓိကအလေးထား ဆောင်ရွက်ရမည့် ကိစ္စတစ်ခုကတော့ ပြည်တော်ပြန်ကိစ္စများမှာ အရေးကြီးသဖြင့် လက်ရှိအချိန်တွင် အင်မတန်အလေးထား ကြပ်မတ်စီမံ ဆောင်ရွက်ရမည့် ကဏ္ဍဖြစ်ပါကြောင်း၊ ပြည်တော်ပြန်များကို အလေးထားပြီး Quarantine ဝင်နိုင်ရန် အလေးထား လမ်းညွှန်ထားပြီး အားလုံးက အလေးထား ဆောင်ရွက်ပေးကြရန်နှင့် လျော့ပေါ့မှုများကြောင့် အရှိန်လျော့သွားခြင်းမျိုး မဖြစ်ဖို့လိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အလေးထားမှု အားနည်းသွားခြင်းမျိုး မဖြစ်ဘဲ ဂိတ်တွေ၊ Quarantine Center တွေ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ယင်းညွှန်ကြားချက်များအပေါ်တွင် အလေးထားဆွေးနွေး အကြံပြုလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးမှ ပြည်နယ်အတွင်း ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်မည့် ညွှန်ကြားချက်နှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများက လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်မင်းထွန်း (ပြန်/ဆက်)


