မန္တလေး ၁ ဇွန်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများ မဲဖောက် ပေးခြင်းကို မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မြို့တော်ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ တိုက်ခန်းဝယ်ယူခွင့်ရရှိသူ အမည်များ မဲနှိုက်ပေးခဲ့ပြီး မဲပေါက်သူများမှ မိမိဝယ်ယူရမည့် တိုက်ခန်းနေရာအတွက် နိုင်ငံ့ဝန်ထမ်း (၂၉၃)ဦးအား ကိုယ်တိုင်မဲနှိုက် ဆောင်ရွက်စေခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ဖော်ဆောင်ထားခြင်းဖြစ်ကာ ၄ ခန်းတွဲ ၆ ထပ် တိုက်ခန်းများကို ဆောက်လုပ်ပြီး တိုက်ခန်း (၅၈၆)ခန်း ဝယ်ယူခွင့်ရရှိသော အစိုးရဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ပြည်သူနှင့် ပြင်ပကုမ္ပဏီဝန်ထမ်းများအား အရစ်ကျစနစ် (သို့မဟုတ်) လက်ငင်းစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။
တိုက်ခန်းဝယ်ယူခွင့်ရသူများအနက် ဇွန် ၁ ရက်တွင် နိုင်ငံဝန်ထမ်း (၂၉၃)ဦးအတွက် တိုက်ခန်း (၂၉၃)ခန်း၊ ဇွန် ၂ ရက်တွင် အငြိမ်းစားဝန်ထမ်း (၁၁၇)ဦးအတွက် တိုက်ခန်း(၁၁၇)ခန်း၊ ဇွန် ၃ ရက်တွင် ပြည်သူ (၁၁၉)ဦးအတွက် တိုက်ခန်း (၁၁၉)ခန်းနှင့် ဇွန် ၄ ရက်တွင် ပြင်ပကုမ္ပဏီဝန်ထမ်း (၅၇)ဦးအတွက် တိုက်ခန်း (၅၇)ခန်း စုစုပေါင်း (၅၈၆)ခန်းအား မဲစနစ်ဖြင့် တိုက်ခန်းများ ပွင့်လင်းမြင်သာစွာဖြင့် ကိုယ်တိုင်မဲနှိုက်စေပြီး နေရာချထားပေးခြင်းဖြစ်ကြောင်း၊ ဇွန် ၅ ရက်မှ စတင်ကာ မိမိမဲပေါက်သော တိုက်ခန်းဈေးနှုန်းအလိုက် လက်ငင်းငွေသွင်းခြင်းဖြစ်ဖြစ်၊ ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေသွင်းခြင်းဖြစ်ဖြစ် လုပ်ဆောင်ရမည်ဖြစ်ပြီး လိုအပ်သောကိစ္စများ ဆောင်ရွက် ပြီးပါက တိုက်ခန်းပိုင်ရှင်များအား သော့အပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနခွဲမှူး ဦးစိုးမင်းသိန်းက ပြောကြားသည်။
အဆိုပါ တိုက်ခန်းများ၏ အကျယ်အဝန်းမှာ ၆၆၁ စတုရန်းပေရှိကာ ဈေးနှုန်းများအနေဖြင့် မြေညီထပ် တစ်ခန်းလျှင် ငွေကျပ် (၂၈၈ ဒသမ ၄)သိန်း၊ ပထမထပ်တစ်ခန်းလျှင် (၂၅၇ ဒသမ ၅)သိန်း၊ ဒုတိယထပ် တစ်ခန်းလျှင် (၂၃၁ ဒသမ ၇၅)သိန်း၊ တတိယထပ်တစ်ခန်းလျှင် (၂၁၁ ဒသမ ၁၅)သိန်း၊ စတုတ္ထထပ် တစ်ခန်းလျှင် (၁၉၅ ဒသမ ၇)သိန်းနှင့် အပေါ်ဆုံးထပ်တစ်ခန်းလျှင် ငွေကျပ် (၁၈၀ ဒသမ ၂၅)သိန်း ဖြစ်ကြောင်း သိရပြီး ယနေ့တွင် တိုက်ခန်းနေရာအတွက် နိုင်ငံ့ဝန်ထမ်း (၂၉၃)ဦးအား ကိုယ်တိုင်မဲနှိုက်စေခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


