ပြည်ကြီးတံခွန် ၁ ဇွန်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၃)တွင် မေလအထိ စာရင်းများအရ လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်ထားသည့် အလုပ်ဌာနပေါင်း (၁၉၅) ဌာနရှိကြောင်း၊ အဆိုပါရုံးမှ တာဝန်ခံအရာရှိက ပြောကြားသည်။
အလုပ်သမား လူဝင်မှုကြီးကပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသည့် အာမခံအလုပ်သမားများကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းအား စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
“ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၃)တွင် မေ ၂၉ ရက်အထိ စာရင်းများအရ လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လာရောက်လျှောက်ထားတဲ့ အလုပ်ဌာန (၁၉၅)ဌာနရှိပါတယ်၊ အဲဒီထဲက ရုံးချုပ်ကို (၄၈)ဌာန တင်ပြီးသွားပါပြီ၊ ခုမှ လာရောက်လျှောက်ထားနေတဲ့ အလုပ်ဌာနတွေလည်း ရှိပါတယ်၊ သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် အကုန်လုံးတင်ပေးမှာပါ၊ ရုံးချုပ်က ပြန်ကျလာရင်လည်း ချက်ချင်းထုတ်ပေးသွားမှာပါ” ဟု ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၃)မှ တာဝန်ခံအရာရှိ ဒေါ်သိင်္ဂီဦးက ပြောကြားသည်။
အလုပ်ဌာနများအနေဖြင့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း တောင်းခံရာတွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအမည်၊ အလုပ်ဌာနအမှတ်၊ လုပ်ငန်းအမျိုးအစား၊ ပိုင်ရှင်အမည်၊ နေရပ်လိပ်စာ၊ ၁/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေးသွင်းထားသော အလုပ်သမားဦးရေနှင့် လက်ရှိအလုပ်လုပ်ကိုင်နေသော အလုပ်သမားဦးရေ၊ မူလက ဖွင့်လှစ်ရန်လျာထားသည့်နေ့၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ စစ်ဆေးသည့်နေ့၊ စစ်ဆေးမှုအဆင့်သတ်မှတ်ချက်၊ စစ်ဆေးရေးအဖွဲ့ ပြန်လည်ခွင့်ပြုသည့်နေ့၊ ပြန်လည်ဖွင့်လှစ်သည့်နေ့နှင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ကူညီမှု ငွေတောင်းခံသည့် ရက်ပေါင်း အစရှိသည်များ လိုအပ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနပေါင်း (၁၄၄၂)ဌာနရှိပြီး အာမခံအလုပ်သမားဦးရေ သုံးသောင်းကျော်ရှိကြောင်း အဆိုပါရုံး၏ ၁/၂၀၂၀ စာရင်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


