ဆိပ်ဖြူ ၁ ဇွန်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ သတ်မှတ်ကာလတွင် အချိန်မီစွာ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသုံး ပရိဘောဂများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များကို ဖြန့်ချိဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ် ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားမည့် စာရင်းရှိ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၃၉၅)ဦး၊ အလယ်တန်း ဆင့် ကျောင်းသား/ကျောင်းသူ (၉၁၈၂)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၀၇၆)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၃၆၅၃)ဦးရှိပြီး သတ်မှတ်ကာလ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်သား/ကျောင်သူများထံသို့ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ ထုတ်ပေးနိုင်ရေး အခြေခံပညာကျောင်းများသို့ ထုတ်ပေးလျက်ရှိပြီး အခြေခံပညာ ကျောင်းများအတွက် ကျောင်းသုံး ပရိဘောဂများ၊ ကွန်ပျုတာများကိုလည်း ထုတ်ပေးထားပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ရောဂါအန္တရာယ်ကြောင့် အခြေခံပညာ ကျောင်းများ ကျောင်းဖွင့်ချိန် ယခင်နှစ်များထက် နောက်ကျခဲ့ပြီး ကျောင်းဖွင့်ကာလကို ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းမှ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ရောဂါ ကူးဆက်မှုမရှိစေရန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Facility Quarantine အဖြစ် မြို့နယ် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် နေရပ်ပြန်များနှင့် ပြည်ပပြန်များကို ထားရှိဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သဖြင့် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ထားသော Facility Quarantine များကို ဇွန် ၁၅ ရက်အတွင်း ပိတ်သိမ်းပြီး ပိုသတ်ဆေး ဖျန်းခြင်းများနှင့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်လွင်က ပြောသည်။
ထို့ပြင် ဇူလိုင်လ ကျောင်းဖွင့်ချိန်တွင် အထက်အတန်းအဆင့် ကျောင်သား/ကျောင်းသူများကို စတင်ဖွင့်လှစ် သင်ကြားမှာဖြစ်ကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ လိုက်နာ၍ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စံသတ်မှတ်နှင့်ပြည့်မီသော ကျောင်းများမှ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား (၂၀)ဦးနှုန်ဖြင့် အထက်တန်းဆင့်ကျောင်း (၃၅)ကျောင်းကို ကနဦး ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားကူးဆက်မှု မရှိလျှင် အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းများမှ ကျောင်းသား/ကျောင်သူများကို ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်း ကျောင်းခွဲ (၂)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၂)ကျောင်း၊ မူလတန်းလွန် (၁)ကျောင်း၊ မူလတန်းကျောင်း (၃)ကျောင်း၊ မူလတန်း(ခွဲ)ကျောင်း (၂)ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၂) ကျောင်း တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိပြီး စနစ်သစ်ပညာရေး Grate–4 / Grate–7 / Grate-10 မှ ကျောင်းသား/ကျောင်းသူများ သင်ကြားရေးအတွက် အခြေခံပညာကျောင်းများမှ သင်ကြားမည့်ဆရာ ဆရာမများအား မေလမှစတင်၍ Online စနစ်ဖြင့် သင်တန်းပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားကို ပုံနှိပ်စာအုပ်များနှင့် ဆရာကိုင်စာအုပ်များကိုလည်း ကြိုတင်လေ့လာနိုင်ရန် ပေးအပ်ပြီး ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးက ပြောသည်။
စိုးလင်းနိုင်(ပြန်/ဆက်)


