စစ်တွေ ၁ ဇွန်

 

ယနေ့ ဇွန် ၁ ရက်တွင် ဖွင့်လှစ်သည့် (၁၆)ကြိမ်မြောက် အောင်ဘာလေသိန်းဆု ကျပ်သိန်းတစ်သောင်းခွဲ ကို စစ်တွေမြို့မှ ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

 

ကျပ်သိန်းတစ်သောင်းခွဲဆုကို စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် ငပိန်းလမ်းနေ ဦးအောင်ဆန်းဝင်း ဇနီးဒေါ်မေကြီးဖြူတို့၏ သမီး မကြည်ဖြူစင်သိန်း ဝယ်ယူကံစမ်းထားသည့် ဃ ၃၁၃၁၀၂ ဂဏန်းဖြင့် ဆွတ်ခူးရရှိသွားခြင်း ဖြစ်သည်။

 

အခုလို ထီဆုကြီးပေါက်လို့ အလွန်ပျော်မိပါတယ်။ ဒီငွေတွေနဲ့ အလှူတွေလုပ်သွားမယ်။ စီးပွားရေးလုပ်မယ်၊ ကလေးတွေရဲ့ နောင်ရေးအတွက် ပညာရေးကောင်းအောင် လုပ်ဆောင် ပေးသွားမယ်၊ နောက်ပြီးတော့ ဒုက္ခရောက်နေကြတဲ့ သူတွေကို လှူသွားပါမယ်၊ တိုက်ပွဲရှောင် တွေကိုလည်း လှူသွားမယ် ဟု မကြည်ဖြူစင်သိန်း၏ ဖခင် ဦးအောင်ဆန်းဝင်းက ပြောသည်။

 

ဦးအောင်ဆန်းဝင်းနှင့် ဒေါ်မေကြီးဖြူတို့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိပြီး ယခင်ကလည်း သားငယ်အမည်ဖြင့် သိန်းဆုများပေါက်ခဲ့ကြောင်း၊ ယခုအကြိမ်တွင် ထီဆုများ ပေါက်သည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

သိန်းတစ်သောင်းခွဲဆုရှင် မကြည်ဖြူစင်သိန်းက “ထီပေါက်တော့ သမီးအလွန်ပျော်ပါတယ်၊ သမီးထီပေါက်တဲ့ ပိုက်ဆံတွေနဲ့ ခြံဝန်းအကျယ်ကြီးမှာ အိမ်တစ်လုံးနဲ့ ကစားကွင်းတွေပြုလုပ်ပြီးတော့ သမီးရဲ့မောင်လေး၊ သူငယ်ချင်းတွေနဲ့ ကစားချင်ပါတယ်၊ သူငယ်ချင်းတွေကိုလည်း လက်ဆောင်တွေ ဝယ်ပေးချင်ပါတယ် ဟု သူ၏ခံစားချက်ကိုပြောသည်။

 

ထီပေါက်သည့် မကြည်ဖြူစင်သိန်း၏ ဖခင်ဦးအောင်ဆန်းဝင်းသည် ယခင်က အိန္ဒိယဘီး (တုတ်တုတ်) ဆိုင်ကယ်မောင်းခဲ့ပြီး ယခုအခါ ဇနီးဖြစ်သူနှင့်အတူ သူတို့၏နေအိမ်တွင် အဝတ်အထည်ဆိုင်၊ ကြက်ဥနှင့် မုန့်တီဖတ်များ ရောင်းချနေကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)