နေပြည်တော် ၁ ဇွန်

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး မစ္စတာချန်းဟိုင် အား ၂၈-၅-၂၀၂၀ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် Teleconference ဖြင့် လက်ခံဆွေးနွေးခဲ့သည်။

 

ထိုသို့ ဆွေးနွေးရာတွင် သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၁၃)ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်အစည်းအဝေးတို့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်ကိစ္စနှင့် အမျိုးသားပြည်သူ့ ကွန်ဂရက်အစည်းအဝေးမှ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအတွက် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပံ့ပိုးရေး၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုချောမွေ့စေရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အချိန်တို အတွင်း ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၃)ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်တို့ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ တည်ငြိမ်အေးချမ်းမှုနှင့် အမျိုးသားလုံခြုံရေးအပေါ် တရုတ်နိုင်ငံ၏ စိုးရိမ်မှုများအား မိမိတို့အနေဖြင့် သဘောပေါက် နားလည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိသည့်အပြင် တစ်နိုင်ငံစနစ်နှစ်မျိုး (One Country, Two Systems) ကိုလည်း အစဉ်တစ်စိုက် အားပေးထောက်ခံလျက်ရှိပါကြောင်း၊ တရုတ် တစ်နိုင်ငံတည်းမူဝါဒအရ ဟောင်ကောင်ဒေသသည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု အသိအမှတ်ပြုထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအတွက် သင့်လျော်သည့်ဥပဒေများ ပြဋ္ဌာန်းမှုအပါအဝင် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ရေးမှာ နိုင်ငံတိုင်း၏ အရေးကြီးသည့် တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံစနစ်နှစ်မျိုးမူဝါဒအောက်တွင် ဟောင်ကောင်ဒေသ၌ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက် သာယာဝပြောမှုများကို ဆက်လက်ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

 

တရုတ်သံအမတ်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုစွမ်းအားများဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်နေမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကြိုးပမ်းမှုအတွက် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးအပ်နေမှု အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေ ချောမွေ့ စေရေးကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်နိုင်ဖွယ်ရှိသည်များကို ကုစားရန်အတွက် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍများတွင် နှစ်ဖက်အရှိန်အဟုန်မြှင့် ဆောင်ရွက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကိစ္စတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့အပြင် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခါသမယတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား သဝဏ်လွှာများ အပြန်အလှန် ပေးပို့သွားရေးကိစ္စ၊ ကိုဗစ်ကာလအလွန်တွင် မြန်မာ-တရုတ် ယဉ်ကျေးမှု ခရီးသွားလာရေးနှစ်ကို နှစ်ဖက်ညှိနှိုင်း အကောင်အထည်ဖော်ရေးကိစ္စ၊ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ဆွေးနွေးခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်မှု အရှိန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကို အထောက်အကူပြုစေမည့် ကွမ်လုံတံတား စီမံကိန်း ဆောလျင်စွာ စတင်ရေးကိစ္စရပ်တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

Credit#Ministry of Foreign Affairs Myanmar