ဇွန် ၁
MyCO စနစ်ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ နှစ်နှစ်အတွင်း ရှစ်သောင်းခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် ကုမ္မဏီဥပဒေအရ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ကာ အဆိုပါစနစ်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ကျင့်သုံး လျက်ရှိရာ ယခုနှစ် မေလကုန်အထိ ကုမ္ပဏီအသစ် ၃၀၇၅၄ ခုနှင့် ပြန်လည် မှတ်ပုံတင်သည့် ကုမ္ပဏီအဟောင်း ၄၆၃၇၇ ခု စုစုပေါင်းကုမ္ပဏီ ၇၇၁၃၁ ခုကို မှတ်ပုံတင်နိုင်ခဲ့သည်။
အဆိုပါ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်သည့် ကုမ္ပဏီအသစ်မှာ လစဉ် တစ်ထောင်ကျော်ရှိပြီး စတင်ကျင့်သုံးသည့် ၂၀၁၈ ခုနှစ် သြဂုတ်တွင် ကုမ္ပဏီ ၁၈၁၆ ခု၊ စက်တင်ဘာတွင် ကုမ္ပဏီ ၂၂၁၈ ခု၊ အောက်တိုဘာတွင် ကုမ္ပဏီ ၁၆၇၁ ခု၊ နိုဝင်ဘာတွင် ကုမ္ပဏီ ၁၄၃၁ ခု၊ ဒီဇင်ဘာတွင် ကုမ္ပဏီ ၁၃၆၄ ခုရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ကုမ္ပဏီ ၁၇၃၃ ခု၊ ဖေဖော်ဝါရီတွင် ကုမ္ပဏီ ၁၄၁၉ ခု၊ မတ်လတွင် ကုမ္ပဏီ ၁၁၀၈ ခု၊ ဧပြီတွင် ၁၀၄၅ ခု၊ မေတွင် ၁၄၁၁ ခု၊ ဇွန်တွင် ၁၃၀၇ ခု၊ ဇူလိုင်တွင် ၁၄၂၈ ခု၊ သြဂုတ်တွင် ၁၃၀၂ ခု၊ စက်တင်ဘာတွင် ၁၁၈၁ ခု၊ အောက်တိုဘာတွင် ၂၀၅၉ ခု၊ နိုဝင်ဘာတွင် ၁၆၁၅ ခုနှင့် ဒီဇင်ဘာတွင် ၁၇၇၂ ခု ရှိကြောင်း၊ ယခုနှစ်တွင် ဇန်နဝါရီတွင်လည်း ၁၄၁၅ ခု၊ ဖေဖော်ဝါရီတွင် ၁၂၉၈ ခု၊ မတ်တွင် ၁၀၁၅ ခု၊ ဧပြီတွင် ၃၄၈ ခုနှင့် မေတွင် ၇၉၈ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိ အဆိုပါ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်ရာတွင်လည်း Manual Filings ကို အသုံးမပြုဘဲ Oline Application ကိုသာ ၁၀ဝ ရာခိုင်နှုန်း အသုံးပြုလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ထို့ပြင် မှတ်ပုံတင်ထားသော ကုမ္ပဏီ (အဟောင်း+အသစ်) များအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီအားလုံးသည် ဥပဒေပုဒ်မ ၉၇ အရ Myanmar Companies Online (MyCO) တွင် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် နှစ်စဉ်အနည်းဆုံးတစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျဘဲ) တင်ပြရမည် ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၂၆၆ (က) အရ နှစ်စဉ်အစီရင်ခံစာ ပေးပို့သည့် အချိန်နှင့် တစ်ပြိုင်တည်း ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပုံစံ ဆ-၅ (G-5) ဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၅၃(က-၁) အရ ပြည်ပကော်ပိုးရေးရှင်း (overseas corporation) အားလုံးသည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး ၂၈ ရက်အတွင်း နှစ်စဉ်အစီရင်ခံစာကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် MyCO တွင် တင်ပြရမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကုမ္ပဏီများသည် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို AR Due Date ဖော်ပြထားသည့် ရက်စွဲအတိုင်း တင်ပြရမည်ဖြစ်သော်လည်း ယခုနှစ် မေလကုန်အထိ AR တင်ပြရန် ပျက်ကွက်ခဲ့သော Suspended ဖြစ်နေသည့် ကုမ္ပဏီစုစုပေါင်း ၁၂၅၅၅ ခု ရှိကြောင်း သိရသည်။
ထို့ကြောင့် အသစ်တည်ထောင်ထားသော ကုမ္ပဏီများသည် ကုမ္ပဏီ ဖွဲ့စည်းပြီးသည့်နေ့မှ ၂ လအတွင်း တင်ပြရန်နှင့် မတင်ပြပါက နောက်ကျကြေး ကျပ် ၁၀ဝ,ဝ၀ဝ ပေးဆောင်ရမည် ဖြစ်ကြောင်း၊ AR form အား ၁၃ လအတွင်း မတင်ပြပါက တင်ပြရန် ပျက်ကွက်ခဲ့မှုအတွက် ပုံစံ (ဈ-၉က) (I-9A) ဖြင့် system မှ Company Status တွင် ရပ်ဆိုင်းရန် အကြောင်းကြားစာ ပေးပို့မည်ဖြစ်ကာ I-9A လက်ခံရရှိသည့်နေ့မှ ၂၈ ရက်အတွင်း AR form တင်ပြလာခြင်း မရှိသေးပါက system မှ Company Status တွင် ဆိုင်းငံ့စာရင်း (Suspended) သို့ ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကုမ္ပဏီတစ်ခုသည် ဆိုင်းငံ့စာရင်း (Suspended) အခြေအနေသို့ ရောက်ရှိနေပါက AR form နှင့် နောက်ကျကြေးများ (AR + Late Fee) ဦးစွာ ပေးသွင်းပြီးမှ ဆိုင်းငံ့ထားခြင်းကို ပြန်လည်ရုပ်သိမ်းရန်အတွက် တင်ပြလျှောက်ထားလွှာ ပုံစံ (ဈ-၉ဃ) (I-9D) ဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြရမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့စာရင်း (Suspended) ဖော်ပြခံထားရသော ကုမ္ပဏီများအနေဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ရန်အတွက် AR Fee (50,000) + Late Fee (100,000) + I-9D Company Restoration Fee (100,000) = Ks 250,000 ကုန်ကျမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့်နေ့မှ ၆ လအတွင်း AR Form မတင်ပြပါက System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ပြောင်းလဲဖော်ပြသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ငြိမ်းငြိမ်း


