မုံရွာ ၁ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများ အသုံးပြုနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာသုံးထင်းစိုက်ခင်း ဧက(၅၀)ကို ပျိုးပင်ပေါင်း (၆၀၅၀ဝ)ပင်အား စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုး(၂)ထံမှ သိရသည်။
“ကျေးရွာသုံး ထင်းစိုက်ခင်းတွေကို ကျေးရွာပိုင်မြေတွေ၊ သစ်တောအဆိုပြုနေရာတွေ အနီးတွေက နေရာလွတ်တွေမှာ ကျေးရွာကပြည်သူတွေ၊ သစ်တောဦးစီးဌာနက ဝန်ထမ်းတွေပေါင်းပြီးတော့ စိုက်ခင်း တွေကို တည်ထောင်တယ်၊ သစ်တောဦးစီးဌာနကနေ ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့တွေကို ပြန်ပြီးလွှဲပြောင်း ပေးတယ်၊ ကိုယ့်အစီအစဉ်နဲ့ ပြုစုပျိုးထောင်တာတွေလုပ်မယ်၊ ခုတ်ယူသုံးစွဲရင်လည်း သူတို့အစီအစဉ်နဲ့ စနစ်တကျနဲ့ ခုတ်ယူပြီး ကျေးရွာက ပြည်သူတွေက ဖြန့်ဝေသုံးစွဲကြမှာဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုး(၂)က ပြောသည်။
မုံရွာမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာသုံးထင်းစိုက်ခင်းဧက (၅၀)ကို ဗောဓိတထောင် အဆိုပြုကြိုးဝိုင်းတွင် ဧက(၃၀)နှင့် ကျောက္ကာတောင်တန်းအခြေတွင် ဧက(၂၀)အား လည်းကောင်း တည်ထောင်စိုက်ပျိုးမည်ဖြစ်ပြီး ၎င်းသစ်တောနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများဖြင့် ပူးပေါင်းစိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် ထွက်ရှိထင်းများကို ၎င်းကျေးရွာများမှ ထုတ်ယူသုံးစွဲရန် လျာထားစိုက်ပျိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


