တောင်ကြီး  ၁  ဇွန်

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊  ကမ္ဘောဇဘဏ်လိမိတက် နာယက ဦးအောင်ကိုဝင်း နှင့် အရာထမ်းဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီအချိန်တွင်ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အောင်ပန်း၊ ဟဲဟိုးမြို့၊ ရွှေညောင်မြို့များရှိ ဓနု ၊ ပလောင်၊ တောင်ရိုး၊ ပအိုဝ်း၊ မြန်မာတိုင်းရင်းသားအခြေခံ ပြည်သူ လူထုသို့ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

ရှေးဦးစွာပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ကလောမြို့ မြက်ရဲအင်းပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ဆန်(၂၀)အိတ်၊ ဆီ(၅)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ(၁)အိတ် တို့အားလှူဒါန်းပြီး၊ မြက်ရဲအင်းရွာ ဓနု ၊ ပလောင်၊ တောင်ရိုး၊ ပအိုဝ်း၊ မြန်မာတိုင်းရင်းသားအခြေခံ ပြည်သူ အိမ်ထောင်စုသို့ (၄၀၀)အတွက်၊ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်များ(၇၀၀)ထုပ် နှင့် ငွေကျပ်(၁၀၀၀၀)စီ ပေးအပ်လှူဒါန်းခဲ့ သည်။ ထို့နောက် ကလောမြို့၊  မြို့မပရိယတ္တိစာသင်တိုက် ရှိ သံဃာတော်များအတွက် ဆန်(၁၀) အိတ်၊ ဆီ(၃)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ(၁)အိတ် တို့အား လည်းကောင်း၊ ကလောမြို့နယ်၊ သူရဲကျေးရွာအုပ်စုပိန္နဲပင်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ဆန်(၁၀)အိတ်၊ ဆီ(၃)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ(၁)အိတ် တို့အား လည်းကောင်း၊ ကျေးရွာနေ ဓနု ၊ ပလောင်၊ တောင်ရိုး၊ ပအိုးဝ်၊ မြန်မာ တိုင်းရင်းသားအခြေခံ ပြည်သူ အိမ်ထောင်စု(၁၀၀)အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်(၁၀၀)ထုပ် နှင့် ငွေကျပ်(၁၀၀၀၀)စီအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ချမ်းသာပရိယတ္တိ ဘုန်းတော်ကြီးကျောင်း ဆန်(၂၀)အိတ်၊ ဆီ(၅)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ(၁)အိတ်တို့အား လည်း ကောင်း၊ အောင်စင်္ကြာဘုန်းတော်ကြီးကျောင်း သို့ ဆန်(၁၀)အိတ်၊ ဆီ(၃)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ (၁)အိတ်တို့အားလည်းကောင်း၊ အောင်ပန်းမြို့၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် အောင်ပန်း မြို့နေ အခြေခံပြည်သူလူထုအိမ်ထောင်စု (၉၃၀)အတွက် ရိက္ခာထုပ်(၁၅၀၀) ထုပ် နှင့် ငွေကျပ်(၁၀၀၀၀)စီအားလည်းကောင်း၊ ပေါငယ်တပ် ကျေးရွာရှိ ရှမ်း၊ ဓနု၊ ပအိုဝ်း၊ တိုင်းရင်းသား အခြေခံပြည်သူ အိမ်ထောင်စု (၇၀)အတွက် ရိက္ခာထုပ်(၇၀)နှင့်ငွေကျပ် (၁၀၀၀၀)စီအား လည်းကောင်း၊ ဟဲဟိုးမြို့ ၊ ကံတလိ ပရိယတ္တိစာသင်တိုက်သို့ ဆန်(၁၀)အိတ်၊ ဆီ(၃)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ(၁)အိတ် တို့အား လည်းကောင်း၊ ဟဲဟိုးမြို့နေ အခြေခံတိုင်းရင်းသား လူမျိုးပေါင်းစုံ အိမ်ထောင်စု (၄၀၀) အတွက် ရိက္ခာထုပ်(၄၀၀)နှင့် ငွေကျပ်(၁၀၀၀၀)စီအား လည်းကောင်းပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲသည် ဟဲဟိုးမြို့ရွာကြီးကျေးရွာနှင့် ပေါအင်းကျေးရွာများသို့ ရောက်ရှိ၍ ဓနုတိုင်းရင်းသားဂေါ်ဖီစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ရာ တောင်သူများအနေဖြင့် ယင်းတို့စိုက်ပျိုးထား ရှိသည့် ဂေါ်ဖီစိုက်ခင်းများသည် ရင့်မှည့်၍ ခူးဆွတ်ချိန်နောက်ဆုံးတစ်ရက်သာ ကျန်ရှိတော့ကြောင်း၊ အချိန်မီမဆွတ်ခူးနိုင်ပါက စိုက်ခင်းများအားလုံးပျက်စီး ရတော့မည့် အခြေအနေကို တင်ပြခဲ့သဖြင့် ကမ္ဘောဇဘဏ်လီမိတက်မှ ယင်းစိုက်ခင်းများရှိ ဂေါ်ဖီအားလုံးအလုံးရေ (၃၀၀၀၀)ခန့် ကို ဝယ်ယူခဲ့ပြီး စစ်ကိုင်းတိုင်းသို့ပေးပို့လှူဒါန်းရန် ကားသုံးစီးဖြင့် တင်ဆောင်နေမှုအခြေအနေအား ကြည့်ရှုအားပေး ခဲ့သည်။ မေလနောက်ဆုံးပါတ်တွင်လည်း ကမ္ဘောဇဘဏ်လီမိတက်သည် ပအိုးဝ်တိုင်းရင်းသားများ စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ်အလုံးရေ(၅)သိန်းခန့်အား ပျက်စီးရမည့် အခြေအနေမှ ဝယ်ယူပေးခဲ့ပြီး မြန်မာနိုင်ငံဒေသအသီးသီးသို့ ပေးပို့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ရွှေညောင်မြို့သို့ရောက်ရှိခဲ့ကာ ရွှေညောင်မြို့ ဘုန်းတော်ကြီးကျောင်းသို့ ဆန်(၁၀)အိတ်၊ ဆီ(၃)ပုံး၊ ဆား(၁)အိတ်၊ ကုလားပဲ(၁)အိတ် တို့အား လှူဒါန်းခဲ့ပြီး ရွှေညောင်မြို့ရှိ အခြေခံတိုင်းရင်းသား လူမျိုးပေါင်းစုံ အိမ်ထောင်စု (၈၀၀) အတွက် ရိက္ခာထုပ်(၈၀၀)နှင့် ငွေကျပ်(၁၀၀၀၀)စီအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသည် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ရာ ဒေသများသို့ စားနပ်ရိက္ခာထုပ်များ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည် ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်း တိုင်းနှင့်ပြည်နယ် အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ နှင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား စောင့်ကြည့်စင်တာများ အတွက် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကိုလည်း နေရာအရောက် အဆက်မပြတ်ပေးပို့ လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီ၏ ပြောကြားချက်အရ သိရှိရသည်။

စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)