ရန်ကုန် ၁ ဇွန်
ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံဝင်ရောက်လာသည့်အပြင် အထည်ချုပ်စက်ရုံအချို့က Mask နှင့် PPE ဝတ်စုံများ ပြောင်းလဲချုပ်လုပ်ခွင့်ရရန် MIC သို့ တင်ပြသည့်အပေါ် အချိန်တိုအတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။
"ဒီ ကိုဗစ်-၁၉ ကာလအတွင်းမှာ ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်လာတာရှိတယ်၊ ဝင်ရောက်ဖို့ စုံစမ်းတာတွေရှိတယ်၊ ဥပမာ Mask ချုပ်တဲ့စက်ရုံတွေ အဝတ်အထည် ဘော်လီ အတွင်းခံ ဦးထုပ်စတဲ့ ချုပ်တဲ့လုပ်ငန်းတူတဲ့ စက်ရုံမျိုးတွေက Mask ကို ပြောင်းပြီးချုပ်ချင်ကြတယ်၊ အဝတ်အစား အနွေးထည်ချုပ်တဲ့စက်ရုံတွေက PPE ကို ပြောင်းချုပ်ချင်လာတယ်၊ အခုနောက်ဆုံးလုပ်တဲ့ ၇ /၂၀၂၀ MIC အစည်းဝေးမှာ ဒီကိစ္စကို မူတစ်ရက်အနေနဲ့ တင်ပြပြီး အချိန်တိုအတွင်းမှာ ခွင့်ပြုပေးဖို့ ဆုံးဖြတ်ပြီးပါပြီ၊ သက်ဆိုင်ရာ အဆိုပြုလွှာတင်ထားတဲ့သူတွေကို ပြန်အကြောင်းကြားပြီးပါပြီ၊ ဒါကတော့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးလုပ်ငန်းတွေပါ၊ Mask ရဲ့ယဉ်ကျေးမှုကလည်း ဆက်ဖြစ်သွားမှာဖြစ်တဲ့အတွက် ကာလရှည်မှာ Mask ကို သုံးကြမှာပဲ၊ အဲဒီအတွက် ရည်ရွယ်ပြီးလုပ်တာဖြစ်သလို ပြည်တွင်းမှာ ထုတ်လုပ်မှုနဲ့ ပြည်ပကို တင်ပို့တာမျိုးလည်း ဖြစ်လာမှာပါ၊ ပြည်တွင်းမှာ ထုတ်လုပ်မယ်ဆိုလည်း တန်ဖိုးအမျိုးမျိုးနဲ့ အဆင့်တန်းအမျိုးမျိုး ထုတ်လုပ်ဖို့ စုံစမ်းလာတာလည်း ဖြစ်ပါတယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။
ထို့ပြင် ကိုဗစ်-၁၉ ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း လျော့ကျသွားခြင်းမရှိကြောင်း၊ ထိုသို့ လျော့ကျမသွားခြင်းမှာ ယခင်ကတည်းက ပြင်ဆင်လာသည့် လုပ်ငန်းများကြောင့်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
"အခုအချိန်ထိ တွက်မယ်ဆိုရင် ၆၀ ရာခိုင်နှုန်းလောက်က ကိုဗစ် မတိုင်ခင်က ဆွေးနွေးထားတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်၊ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းလောက်ကတော့ ကိုဗစ် နောက်ပိုင်းမှ လာဆွေးနွေးထားတာပါ၊ ဆိုလိုတာက ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူကတော့ ဝင်ရောက်လာဆဲ ဆွေးနွေးနေဆဲ လာမေးမြန်းနေဆဲ ဖြစ်ပါတယ်။ ထို့အတူ MIC ဘက်ကလည်း ဖြေလျော့နိုင်တာတွေကို ထပ်ဖြေလျော့ဖို့၊ ရှိပြီးသားရင်းနှီးမြှုပ်နှံမှုတွေကို ထပ်တိုးချဲ့ဖို့ အမျိုးမျိုးဆောင်ရွက်နေတာရှိပါတယ်"ဟု ဦးသန့်စင်လွင် က ဆက်ပြောသည်။
ထို့အတူ ကိုဗစ်-၁၉ ကာလဖြစ်ပွားချိန်တွင်လည်း စိုက်ပျိုးရေးကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ၊ လုပ်သားအခြေပြု စက်မှုဇုန် တည်ဆောက်သည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် စီးဝင်ပြီးဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း မေ ၂၉ ရက်က ပြုလုပ်ခဲ့သည့် AustCham Myanmar က ဉီးဆောင်ကျင်းပသော နိုင်ငံခြား ကုန်သည်ကြီးများ အသင်းနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များဆိုင်ရာ Webinar ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဗရတ်ဆင်း က ပြောကြားခဲ့သည်။
လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၅ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၅၅ ဒသမ ၂၆၆ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၀၉၅ ဒသမ ၇၆၉ သန်း ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၈၅၇ သန်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄၁၈၇ ဒသမ ၆၂၆ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။
ငြိမ်းငြိမ်း


