မန္တလေး     ဇွန်

နိုင်ငံတော်မှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အခြေခံလူတန်းစား အိမ်ထောင်စု တစ်ခုလျှင် ငွေကျပ် လေးသောင်းနှုန်း ထောက်ပံ့ပေးအပ်မည့် အစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှ ကောက်ယူထားသည့် အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းမှာ ခုနစ်သိန်းခုနစ်သောင်းကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။

အဆိုပါ အိမ်ထောင်စုစာရင်းများကို နိုင်ငံတော်မှ ချမှတ်ထားသည့် အခြေခံစည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တိုင်းဒေသကြီးအတွင်းရှိ လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများကို မြို့နယ် အလိုက် ရပ်ကျေးအဖွဲ့များမှ ကောက်ယူစာရင်းပြုစုထားခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းစာရင်းများအား နိုင်ငံတော်သို့ တင်ပြပေးပို့ထားကြောင်း သိရသည်။

''နိုင်ငံတော်က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ထောက်ပံ့မယ့် တစ်အိမ်ထောင်ကို ငွေကျပ် လေးသောင်း နှုန်းကို သတ်မှတ်ထားတဲ့ အခြေခံအချက်အလက်  ၃၀ နဲ့ ကိုက်ညီတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ထောက်ပံ့ပေးမှာပါ။ ထောက်ပံ့ပေးရမယ့် ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းတွေကို လက်ရှိ အချိန်မှာ စိစစ်ကောက်ယူပြုစုပြီး တင်ပြထားပါတယ်။ ဘယ်တော့ ထောက်ပံ့ ပေးမယ်ဆိုတဲ့ နေ့ရက်ကိုတော့ အတိအကျ မသိသေးပါဘူး '' ဟု ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

နိုင်ငံတော်အစိုးရမှ ယခုနှစ် ဧပြီလအတွင်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အခြေခံလူတန်းစား များအား အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန် မျိုးဖြစ်သည့် ဆန် ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ တစ်ပိဿာနှင့် ကြက်သွန်နီတစ်ပိဿာတို့ကို ဧပြီ ၁၀ ရက်မှစ၍ ထောက်ပံ့ပေးအပ်ခဲ့ရာ အဆိုပါ ထောက်ပံ့ပေးမှု အစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ခြောက်သိန်း ခြောက်သောင်းကျော် ရရှိခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)