မန္တလေး     ဇွန်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံများအပါအဝင် ဖျော်ဖြေရေးလုပ်ငန်းများနှင့် အပန်းဖြေစခန်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇွန် ၁၅ ရက်အထိ ပြန်လည်ဖွင့်လှစ်ခွင့်မပြုသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း၌ မတ်လ နောက်ဆုံးပတ်မှစ၍ ယာယီ ပိတ်ထားခဲ့ရသည့် လုပ်ငန်းများအနက် မေလ တတိယအပတ်မှစ၍ ဖြေလျှော့မှုများဖြင့် ဈေးများ၊ စည်ပင်နှင့် သက်ဆိုင်သည့်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အအေးဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခု ဇွန် ရက်မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အဝေးပြေးယာဉ်လိုင်းများအား ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ တိုင်းအတွင်းမှာ ဖြေလျော့မှုနဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတဲ့ လုပ်ငန်းတွေထဲမှာ ရုပ်ရှင်ရုံတွေ စင်တင်တေးဂီတတွေ ကာရာအိုကေ စတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အပန်းဖြေစခန်းတွေကတော့ မပါသေးဘူး။ ဒီလုပ်ငန်းတွေကို ဇွန် ၁၅ ရက်အထိ တားမြစ်မိန့်ကို ဆက်ပြီးထားမှာပါ။ ရုပ်ရှင်ရုံတွေ ကာရာအိုကေ လုပ်ငန်းတွေက Social Distancing လုပ်ဖို့ မလွယ်တဲ့အပြင် အလုံပိတ်အခန်းတွေဖြစ်လို့ ပြင်ပက လေနဲ့ ထိတွေမှု မရှိတဲ့အတွက် ရောဂါကူးစက်မှုပိုပြီး အခွင့်အရေးများနိုင်တယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေကို ဆက်ပြီး ပိတ်ထားတာပါ '' ဟု ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ အဆိုပါလုပ်ငန်းများအပြင် ဘာသာရေးဆိုင်ရာ ဝတ်ပြုကျောင်းများနှင့် မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းတို့ကိုလည်း ဇွန် ၁၅ ရက်အထိ ဆက်လက် ပိတ်ထားမည် ဖြစ်ပြီး ၎င်းလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဇွန် ၁၀ ရက်နောက်ပိုင်း၌ တိုင်းဒေသကြီး ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)