ဒုံဟီး ၁  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ဒုံဟီးမြို့တွင် ၂၀၂၀ ခုနှစ် မိုးရာသီ အစေ့ထုတ်ပြောင်းစိုက် ဧက  ၆၈၄ ဧက စိုက်ပျိုးခဲ့ရာ ငမြှောင်တောင်ပိုးကျ ရောက်သဖြင့် အစေ့ထုတ် ပြောင်းစိုက်ဧက ၂၀၀ ကျော် ထိခိုက်ခဲ့ကြောင်း နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီဌာန ဦးစီးမှူး ဦးမျိုးမြင့်ထံမှ သိရသည်။

ငမြှောင်တောင်ပိုး ကျရောက်သဖြင့် ထိခိုက်ခဲ့သည့် ကျေးရွာများမှာ ယောင်ကွန်ကျေးရွာတွင် ၁၀၈ ဧက၊ ကျားဝမ်းကျေးရွာတွင် ၉၀ ဧကနှင့်  ရှိတ်ညိုကျေးရွာတွင် ၈၀ ဧက စုစုပေါင်း ၂၇၈ ဧက ထိခိုက်ခဲ့ပါကြောင်း၊ ထိခိုက်မှုတွင် ဒေသအခြေအနေအရ သွားလာရ ခက်ခဲသည့်အပြင်  တောင်သူများလည်း ပိုးပွှားကာကွယ် နှိမ်နင်းနိုင်ရန် လိုအပ်သည့်ပစ္စည်းများ မရှိသည့်အတွက် မိမိတို့ဌာနမှ ဆေးဖျန်းပုံးနှင့် ပိုးသတ်ဆေးများကို လဟယ်မြို့မှ ဝယ်ယူပြီး ပိုးမွှားများ နှိမ်နင်းပေးခဲ့ကြောင်း ဒုံဟီးမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုး က ပြောကြားသည်။

အလားတူ အလွယ်တကူရရှိနိုင်သော  မီးဖိုပြာဖြင့် ခေါင်ညွန့်အတွင်း ဖြူးချခြင်း၊  မိသားစုလုပ်အားဖြင့် ပိုးကောင်ကောက်ယူ နှိမ်နှင်းခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရန် ပညာပေးခြင်း၊ ဆေးဖျန်းပုံးနှင့် ပိုးသတ်ဆေးများလည်း အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း ဒုံဟီးမြို့စိုက် ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကျော်စိုး က ဆက်လက်ပြောကြားသည်။  

မွှေးကြူဇင်