နေပြည်တော် ၁ ဇွန်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) ၏ မြန်မာနိုင်ငံဆိုင်ရာ Mission Chief , Mr. Shanaka Jayanath Peiris နှင့် အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးစဉ် IMF မှ မြန်မာနိုင်ငံသို့ ထုတ်ချေးမည့် အမေရိကန်ဒေါ်လာ သန်း (၇၀၀) ရယူရေးကိစ္စရပ်နှင့် စပ်လျဉ်း၍ IMF Managing Director Ms. Kristalina Georgieva ထံသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့ ပူးတွဲလက်မှတ်ရေးထိုးပေးပို့မည့် Letter of Intent (LOI) ပါကိစ္စ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား လက်မှတ်ရေးထိုးမည့် MoU ကိစ္စ၊ ယင်းချေးငွေများအား မြန်မာနိုင်ငံ၏ COVID-19 Economic Relief Plan (CERP) နှင့်အညီ ဆောင်ရွက်မည့်ကိစ္စ၊ ချေးငွေဖြင့်ဆောင်ရွက်မည့် ပစ္စည်းဝယ်ယူရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါ IMF ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၇၀၀) သည် COVID-19 ကြောင့် မြင့်တက်လာနိုင်သည့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးလိုငွေကို ဖြည့်ဆည်းနိုင်ရေးအတွက် IMF ထံမှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) အစီအစဉ်များဖြင့် မြန်မာနိုင်ငံသို့ ထုတ်ချေးခြင်းဖြစ်ပြီး၊ ယင်းချေးငွေရယူရေးကိစ္စကို မေ ၂၆ ရက်တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့၌ အတည်ပြုခဲ့ပြီးဖြစ်သည်။ IMF အနေဖြင့် ယင်းကိစ္စအား ဇွန် ၂၆ ရက်၌ ကျင်းပမည့် အမှုဆောင်ဒါရိုက်တာ ဘုတ်အဖွဲ့အစည်းအဝေးတွင် အတည်ပြုရန်ရှိကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ IMF Resident Representative for Myanmar , Mr. Neil Kumar Saker၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


