ထီးလင်း ၁  ဇွန်       

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ဆွဲလွဲကျေးရွာတွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁ ရက်၊ ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ပန်းအိမိုမို (Regional Infrastucture & Safeguard Assistant)နှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်ပန်းအိမိုမို (Regional Infrastucture & Safeguard Assistant)နှင့် တာဝန်ရှိသူများအဖွဲ့က ဒေသခံကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေဖြင့် ဆောက်လုပ်နေသည့် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ပြီးစီးမှုအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ နည်းပညာပိုင်းဆိုင်ရာ ပြည့်မီမှု ရှိ/ မရှိနှင့် အသုံးပြုသည့်ပစ္စည်း အရည်အသွေး ကောင်းမွန်မှု ရှိ/ မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံစီမံကိန်းကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာသုံးဘက်စုံခန်းမဆောင်အား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရမည့် လုပ်ငန်းတစ်ခုချင်းစီအလိုက် ရေးဆွဲထားသော လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်များ၊ ငွေကြေးကောက်ခံရရှိမှုနှင့် သုံးစွဲမှု အခြေအနေများ၊ စီမံကိန်းငွေ စာရင်းဇယားများ ထိန်းသိမ်းထားရှိရေး ဆိုင်ရာကိစ္စရပ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။ 

 

အဆိုပါ ဆွဲလွဲကျေးရွာတွင် ဆောက်လုပ်သည့် ကျေးရွာဘက်စုံသုံးခန်းမဆောင်သစ်မှာ အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေ ရှိပြီး သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင် အမျိုးအစားဖြစ်ကြောင်း သိရပြီး စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း ၂၃၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် သိန်း ၇၀၊ စုစုပေါင်း ငွေကျပ် သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

 “ကျွန်မတို့ ဆွဲလွဲကျေးရွာက အိမ်ခြေ ၁၄၆ အိမ် ၊ လူဦးရေ ၇၄၄ ဦး ရှိပါတယ်။ ယခင်က ကျေးရွာမှာ အလှူပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ တရားပွဲများနှင့် အစည်းအဝေးပွဲများ ကျင်းပရာတွင် အဆောက်အဦ ကြီးကြီးမားမား မရှိတဲ့အတွက် အခက်အခဲတွေ ကြုံရပါတယ်။ ဒီနှစ်တော့ ကျွန်မတို့ ကျေးရွာအတွက် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့မှုနဲ့ ကျေးရွာဖွံ့ဖြိုးရေး ဘက်စုံသုံးခန်းမဆောင်ကို အောင်မြင်စွာနဲ့ ဆောက်လုပ်ပြီးစီးသွားဖြစ်လို့ ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးများနဲ့ ဘာသာရေးပွဲတွေကို ကျင်းပဖို့အတွက် အားလုံးအဆင်ပြေသွားပါပြီ။ ဒါ့ကြောင့်  လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ဒေသခံပြည်သူတွေကိုယ်စား ကျေးဇူးအရမ်းတင်ပါတယ်” ဟု အဆိုပါ ဆွဲလွဲကျေးရွာမှ ကျေးရွာလူထုဗဟိုပြုစီမံကိန်း အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဒေါ်တင်မြင့် က ပြောသည်။


ရဲဝင်းနိုင် (ညောင်ဦး)