တနိုင်း  ၁  ဇွန်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဧပြီလနှင့် မေလများတွင် ရပ်နားထားသော ပုံမှန်ကာကွယ်ဆေးထိုခြင်း လုပ်ငန်းများကို ဇွန် ၁ ရက် နံနက် ၉ နာရီမှစတင်၍ ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

တနိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအခြေပြု ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလနှင့် မေလများတွင် ပုံမှန်ကာကွယ်ဆေးမရရှိခဲ့သော ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေး လုံးဝမရရှိသေးသော (သို့)အကြိမ်ပြည့်မရရှိသော အသက်(၂)လမှ အသက်(၂)နှစ်ထိ ကလေးငယ်များအားလုံးကို သတ်မှတ်သောနေရာများတွင်  ထိုးနှံပေးသွားမည်ဖြစ်သည်။

 

ကာကွယ်ဆေး လာရောက်ထိုးနှံမည့် မိဘအုပ်ထိန်းသူများအနေဖြင့် ဆေးထိုးစုရပ်သို့ လာရောက်ရာတွင် Mask ၊ Face Shield များ တပ်ဆင်လာကြရန်လိုအပ်ကြောင်း၊ စုရပ်တိုင်းတွင် လက်ဆေးဆပ်ပြာ၊ ရေများအဆင့်သင့် ထားရှိပေးပြီး လက်ဆေးပြီးမှ စုရပ်အတွင်းသို့ ဝင်ရောက်ကြရမည်ဖြစ်ကြောင်း မိခင်နှင့် ကလေးကျန်းမာရေးဌာန ဆရာမ ဒေါ်ပြုံးချိုက ပြောသည်။

 

တနိုင်းမြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို  မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအလိုက် တစ်ရက်လျှင် လူ(၅၀)ဦး နှုန်းဖြင့်  သတ်မှတ်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)