နေပြည်တော်  ၁ ဇွန်

 

e-ID စနစ်လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ အောက်တွင် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီ(၆)ခုမှ ဝန်ကြီးဌာနအတွင်း တာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီဝင်များ၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆပ်ကော်မတီ (၆)ခုမှ ဝန်ကြီးဌာနရှိ ဆပ်ကော်မတီဝင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-ID စနစ်လုပ်ငန်းသည် e-Government လုပ်ငန်း၏အခြေခံနှင့် အဓိကအကျဆုံးသော လုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်၍ အစိုးရ၏ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်း၊ ကုမ္ပဏီများ၏ ရှင်းလင်းဆွေးနွေးတင်ပြမှုများ၊ e-ID စနစ်ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကျင်းပမှုများဆောင်ရွက်၍ လုပ်ငန်းဆိုင်ရာအသိပညာဗဟုသုတ အတွေ့အကြုံများ မျှဝေရယူခဲ့ပါကြောင်း၊ နိုင်ငံအတွင်းရှိသူ အားလုံးကို လူဦးရေမှတ်ပုံတင်သည့် ကိစ္စဖြစ်သဖြင့် အဖက်ဖက်က သုံးသပ်ဆွေးနွေးကာ နည်းပညာဆိုင်ရာ လေ့လာမှုများလည်း ဆောင်ရွက်သကဲ့သို့ လူတစ်ဦးချင်း၏ Biometric ၊ Biographic အချက်အလက်များ ကောက်ယူမှတ်တမ်းတင်ရမည် ဖြစ်သဖြင့် နည်းပညာလုံခြုံမှုအပြင် ဥပဒေအရ အကာအကွယ်ပေးနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း လူပုဂ္ဂိုလ်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံရေးတို့ကို အလေးထား၍ ခိုင်မာပြီးအကာအကွယ်ပေးနိုင်ရန်လည်း လိုကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ပထမဦးဆုံး ပြည်ပချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်း အတွက် ဩစတြီးယားနိုင်ငံအစိုးရမှ ချေးငွေရယူမည့် အစီအစဉ်အား ပြီးခဲ့သည့် မေ (၂၉)ရက်က ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီးဖြစ်သည့်အတွက် အသေးစိတ်စာချုပ်ချုပ်ဆိုနိုင်ရေး အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလဖြစ်သော် လည်း ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်သမျှ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်သည် မိမိတို့အနေဖြင့် အတွေ့အကြုံ အသစ်ဖြစ်သဖြင့် အတွေ့အကြုံရှိပြီးဖြစ်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံဉာဏ်များရယူ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း e-ID စနစ်လုပ်ငန်း ကော်မတီအပြင် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် / ရပ်ကွက်ကျေးရွာအဆင့်ထိ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။

 

ယခု e-ID စနစ်လုပ်ငန်းကော်မတီ၏ ကွပ်ကဲမှုအောက်ရှိ ဆပ်ကော်မတီ(၆)ခု၏ လုပ်ငန်း ဆောင်ရွက်မှုများကို အသေးစိတ်ရှင်းလင်း တင်ပြကြရန်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မည်သည့် အချက်အလက်များပါဝင်ကြောင်း၊ မည်သူတွေက မည်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း စနစ်တကျ သတ်မှတ်၍ မည်သည့်အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်မည်ဆိုသည်ကို ရေးဆွဲဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး လုပ်ငန်းအဆင့်အလိုက် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မှုတိုင်းကိုလည်း အထက်အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များကိုလည်း ညှိနှိုင်းရယူ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

လုပ်ငန်းဆောင်ရွက်မှုတိုင်းကိုလည်း နေ့စဉ်မှတ်တမ်းတင်ထားရှိ၍ အချိန်ကိုက် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းသည် လူဦးရေမှတ်ပုံ တင်ခြင်းလုပ်ငန်းဖြစ်သော်လည်း နိုင်ငံအတွက် အခြားသောဆက်စပ်ဌာနများ၏ လုပ်ငန်းစဉ်များစွာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်သဖြင့် နိုင်ငံအတွက် အရေးပါသည့်လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေ သော်လည်း မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှုများ၊ အခြားသောဖြစ်စဉ်များ ပေါ်ပေါက်လာပါက ဖြေရှင်းဆောင်ရွက် နိုင်ရေးအတွက်လည်း ကြိုတင်မျှော်တွေး စဉ်းစားဆောင်ရွက်ထားကြရန် ဖြစ်ပါကြောင်း၊ တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းမဟုတ်ဘဲ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ အားလုံးညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း အကျယ်တစ်ဝင့် ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က e-ID စနစ် လုပ်ငန်းဆိုင်ရာ စာရင်းကောက်ယူမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြပြီး e-ID စနစ်လုပ်ငန်းကော်မတီ၏ ကွပ်ကဲမှုအောက်တွင် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီ(၆)ခုမှ ကော်မတီဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က လုပ်ငန်းဆောင်ရွက်ထားရှိမှုများအပေါ်  သုံးသပ်ဆွေးနွေးတင်ပြပြီး တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး e-ID စနစ်လုပ်ငန်းသည် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံအတွက်အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည် နှင့်အညီ ဆပ်ကော်မတီဝင်များအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ မကြာခဏဆောင်ရွက်၍ လိုအပ်ချက်များကို ညှိနှိုင်းအဖြေရှာကာ ရည်မှန်းချက်တာဝန်များ အောင်မြင်အောင်အကောင် အထည်ဖော် ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Government စနစ်၏ အခြေခံအကျဆုံး လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား နည်းပညာအသုံးပြု၍ မှတ်ပုံတင်သည့် e-ID စနစ်လုပ်ငန်းကို အကောင်အထည်ဖော်  ဆောင်ရွက်ရန် e-ID စနစ်လုပ်ငန်းကော်မတီအောက်တွင် ကြီးကြပ်ကွပ်ကဲမှု ဆပ်ကော်မတီ၊ စီမံချက်ရေးဆွဲရေး ဆပ်ကော်မတီ၊ ဥပဒေ၊ နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ၊ နည်းပညာနှင့် တင်ဒါစည်းမျဉ်း ရေးဆွဲရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် ဆက်ဆံရေးဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ(၆)ခုဖွဲ့စည်းကာ ကော်မတီ၏ရည်မှန်းချက် တာဝန်များအောင်မြင်ရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်