နေပြည်တော် ၁ ဇွန်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၇ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်း က အဆိုလွှာ အပိုဒ် ၂ အပိုဒ်ခွဲ (၈)အပိုဒ်ခွဲငယ်(၁)တွင် ဖော်ပြပါ အရေးကြီး အဆိုသည် လွှတ်တော်အစီအစဉ်များအရ ဦးသိန်းထွန်းနှင့် ဒေါက်တာမောင်သင်းတို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးမူကြမ်းများကို လက်ခံဆွေးနွေးရန် တိုက်တွန်းကြောင်း အဆိုဖြစ်သည်ဟု ယူဆပါကြောင်း၊ ယင်း အဆိုကို တင်သွင်းသည့်အချိန်တွင် ဦးသိန်းထွန်းနှင့်အဖွဲ့ တင်သွင်းလာသည့် ဥပဒေမူကြမ်းအပေါ် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာတင်ပြီး လွှတ်တော်က ၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင် ဆွေးနွေးနေပြီး ဒေါက်တာ မောင်သင်း တင်သွင်းသည့် ဥပဒေ မူကြမ်းအပေါ်ကိုလည်း အစီရင်ခံစာတင်ပြနေသည့် ကာလဖြစ်ပါကြောင်း၊ ထို့ကြောင့် အရေးကြီးအဆိုသည် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲအကြောင်းအရာကို တင်ပြနေခြင်းဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ နည်းဥပဒေခွဲ(က) နည်းဥပဒေခွဲငယ် (၂)နှင့် မညီညွတ်သည်မှာ ထင်ရှားနေသောကြောင့် ယခုအဆိုသည် ဥပေဒနှင့် ညီညွတ်ခြင်းမရှိသဖြင့် အဆိုအား ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။
ဘောလခဲ မဲဆန္ဒနယ်မှ ဦးအေးမောင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ မဆောင် ရွက်ခြင်းဆိုသည့် အချက်များနှင့် ငြိစွန်းကြောင်းသိသာထင်ရှားစွာ တွေ့ရှိရသဖြင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းပေးပါ ရန်အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်က အဆိုတွင်ပါရှိသည့် ကျိုးကြောင်းဖော်ပြချက်များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြည်သူ့လွှတ်တော်ဉက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းရန်အဆိုနှင့် အဆိုတွင်ပါရှိသည့် ကျိုးကြောင်းဖော်ပြချက်များသည် ရှေ့နောက်ညီညွတ်မှုမရှိသည့်အပြင် ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အခန်း(၆)ပုဒ်မ (၂၁)ပါ ပြဋ္ဌာန်းချက်နှင့်လည်း ညီညွတ်မှုမရှိသည့်အတွက် အတည်မပြု သင့်ပါကြောင်း ကန့်ကွက်ဆွေးနွေးသည်။
အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင် က ယခုကဲ့သို့ပြစ်တင် ရှုံ့ချပြီး ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားမည့် အဆိုအစား ပြည်သူအများစု လိုလားသော ပိုမိုပြည့်စုံကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ရရှိရေးအတွက် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲခြင်း သို့မဟုတ် အသစ်ရေးဆွဲရေးကို ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ဆောင်ရွက်နိုင်ရေး အဆိုကို လွှတ်တော်သို့တင်မည်ဆိုပါက ပြည်သူများက ဝမ်းသာကြမည်ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက နေရာသည် မိဘအမွေ မဟုတ်သကဲ့သို့ အာဏာရှင်စနစ်ကဲ့သို့ ကွယ်လွန်သည်အထိ ရယူထားနိုင်သည့် ရာထူးမဟုတ်သဖြင့် ပါတီနောက်ခံမရှိသော တစ်သီးပုဂ္ဂလဖြစ်သော ဥက္ကဋ္ဌအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ လုပ်ငန်းတာဝန်များကို အကောင်းဆုံးဆောင်ရွက်နေသည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ဆွေးနွေးသည်။
ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ကို လေ့လာကြည့်သည့်အခါ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၆၃ (က)တွင် ဥက္ကဋ္ဌက အများပြည်သူနှင့် သက်ဆိုင်သော လောလောဆယ်အရေး ကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် အဆိုတင်သွင်းခွင့်ပြုနိုင်သည်ဟု ရေးသားဖော်ပြထားပြီး ခွင့်ပြုရမည်ဟု ရေးသား ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်း၊ ဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့် ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ပိုင်ခွင့်ကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါသောကြောင့် ဥက္ကဋ္ဌဆုံးဖြတ်ချက်သည် မှန်ကန်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်ချက်များအပေါ် ထောက်ခံကြောင်းနှင့် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန် အပါ လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး လက်မှတ်ရေးထိုးတင်သွင်းသော အဆိုကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။
ဆိပ်ကြီး၊ ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က ဦးမောင်မြင့် မင်းကင်းမဲဆန္ဒနယ်၏ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID -19 မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရမှုနှင့် ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)နှင့် ညှိနှိုင်းပြီး ဆောင်ရွက်ရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ နှင့်အညီ တင်သွင်းခဲ့သော်လည်း နာယက က ခွင့်မပြုခဲ့ခြင်းနှင့် ပတ်သက်သည့် မိမိအမြင်ကို တင်ပြလိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)နှင့် မဖြစ်မနေ ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါကြောင်း၊ COVID-19 နှင့်ပတ်သက်၍ အစိုးရသည် နည်းလမ်းပေါင်းစုံ ဘက်ပေါင်းစုံနှင့် စီစဉ်ဆောင်ရွက်နေချိန်တွင် ကာလုံနှင့်ညှိနှိုင်း ဆောင်ရွက်ရန် အရေးကြီးအဆို တင်သွင်းလာခြင်းကို ပေးအပ်ထားသည့် အခွင့်အာဏာနှင့်အညီ ပြည်ထောင်စု လွှတ်တော်နာယက အနေဖြင့် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဦးစိုင်းထွန်းစိန် မိုင်းပျဉ်း မဲဆန္ဒနယ်က ဦးဆောင်တင်သွင်းသည့်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုတ်သိမ်းပေးရန် အဆိုကို ကန့်ကွက်ပါ ကြောင်းနှင့် လွှတ်တော်မှ အတည်မပြုသင့်ပါကြောင်း ဆွေးနွေးသည်။
ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်က ဥက္ကဋ္ဌ၏ ဆုံးဖြတ်ဆောင်ရွက်ချက်များ အားလုံးသည် ပြည်သူ့လွှတ်တော် နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားပါကြောင်း၊ ထို့ပြင် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူများက ယုံကြည်စွာရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက မိမိတို့နိုင်ငံ၏ ဥပဒေပြုမဏ္ဍိုင်ကို သိမ်မွေ့ပျော့ပြောင်းစွာ တည်ငြိမ်တိကျစွာ ယနေ့အထိ ဘက်လိုက်မှုမရှိဘဲ ဦးဆောင်ပေးခဲ့သည်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသာမက နိုင်ငံတစ်ဝန်းလုံး ကလည်း ထင်ထင်ရှားရှားသိမြင်ပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုတင်သွင်းသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းပေးရန် အဆိုလွှာကို မိမိအနေဖြင့် ယွင်းချက်မရှိကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ရဲနိုင်မျိုးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် စတင်တာဝန်ထမ်းဆောင် ခဲ့သည့် ၂၀၁၈ ခုနှစ် မတ် ၂၂ ရက်မှ ယခုအချိန်အထိ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး များတွင် ပွတ်တိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် စိတ်ရင်းစေတနာကောင်းဖြင့် ဆောင်ရွက်ခဲ့သည်ကို လေးစားစွာ အသိအမှတ်ပြုပါကြောင်း၊ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များက အစိုးရကို ထိန်းကျောင်းနေသည့် အဆိုများ ကို တင်သွင်းခွင့်မပြုခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ (က)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၁၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၆၃ (ခ)တို့ကို ချိုးဖောက်ရာရောက်သည့်အတွက် ဦးစိုင်းထွန်းစိန် တင်သွင်းသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းပေးရန် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလားတူ မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ နမ့်စန် မဲဆန္ဒနယ်မှ ဦးဌေးလွင်(ခ)ဦးဒီလုံး၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝင်းမိုး၊ ဒေါပုံ မဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင် (ခ)ဦးပြုံးချို၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ တပ်မ တော်သား ကိုယ်စားလှယ် ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်သက်ထွန်းအောင်၊ မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်း အောင်၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဦးရည်မွန်(ခ) မောင်တင်သစ်နှင့် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာ လှမိုးတို့က ဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ယင်းအဆိုနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ထောက်ခံမဲ ၁၃၂ မဲ၊ ကန့်ကွက်မဲ ၂၄၃ မဲနှင့် ကြားနေမဲ ၅မဲ တို့ရရှိကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ထောက်ခံမဲ ၁၃၂ မဲ သာဖြစ်၍ကတိသစ္စာပြုပြီးသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ အနည်းဆုံး ၃ ပုံ ၂ ပုံ က ထောက်ခံခြင်း မရှိသည့်အတွက် နည်းဥပဒေ ၁၁၉၊ နည်းဥပဒေခွဲ (က) အရ ယခုအဆိုကို အရေးယူဆောင်ရွက်ရန်မရှိကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အခက်အခဲအမျိုးမျိုး အကြားက ဖြစ်မြောက်အောင် ကျင်းပခဲ့ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ တာဝန်ကျေပွန်စွာ ပေါင်းစပ်ဆောင်ရွက်မှုများသည် အဓိကကျပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကိုလည်း မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက ကျရာအခန်းကဏ္ဍမှနေ၍ ပြည်သူနှင့်အတူ လက်တွဲပြီး ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါ။ လွှတ်တော်၏ ဂုဏ်သိက္ခာ ဆက်လက်မြင့်မားနေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ကြပါ ဟု မှာကြားလိုပါကြောင်း ပြောကြားသည်။
အေးအေးသန့်