နေပြည်တော်  ၁  ဇွန်

 

ဩစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ပါပူးဝါနယူးဂီနီ နိုင်ငံတို့တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၃) ဦးအား ဆစ်ဒနီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် (Myanmar Airways International-MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၀၆:၅၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိမြန်မာ နိုင်ငံသား စုစုပေါင်း (၂၈၃၀) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

 

credit#နိုင်ငံခြားရေးဝန်ကြီးဌာန