နေပြည်တော် ၁   ဇွန်

 

မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပွားလျက်ရှိရာ  မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ အောင်လံ၊ ပေါက်၊ ရေနံချောင်း၊ မကွေးမြို့နယ်တို့၌ နေအိမ်(၃)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၆၃)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ နေအိမ်(၁)လုံးအမိုးအကာလန် ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ဝက်လက်နှင့် မြောင်မြို့နယ်တို့၌ နေအိမ်(၁)လုံး ပြိုကျ ပျက်စီးပြီး နေအိမ်(၄)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းနှင့် မြင်းခြံမြို့နယ်တို့၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၌ နေအိမ်(၁၃)လုံးပြိုကျ ပျက်စီးပြီး နေအိမ်(၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊  ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ၊ ကြံခင်းနှင့် အင်္ဂပူမြို့နယ်တို့၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၈)လုံး အမိုးအကာလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

 

ဧပြီ ၉ ရက်မှ ဇွန် ၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ် (၉၈၇)လုံးနှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၁၃၁၂၁)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂၄၇)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၁၀)ဦးသေဆုံးပြီး လူ(၂၈)ဦး ဒဏ်ရာရရှိခဲ့သည်။

 

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေး ပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်းကျပ်(၇၆၁ ဒသမ ၁) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

 

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွား တတ်သည့် လေပြင်း တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင် ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း သိရသည်။  

(သတင်းစဉ်)