မူဆယ် ၁ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်လကြာရပ်နားထားသည့် အဝေးပြေးခရီးသည် ယာဉ်လိုင်းများကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယာဉ်လိုင်းတစ်ချို့ စတင်ပြေးဆွဲနေပြီ ဖြစ်သည်။
“ဒီနေ့ကစတင်ပြီး ခရီးသည်ယာဉ်လိုင်းတွေ စတင်ပြေးဆွဲနေပြီဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်ရပါတယ်၊ လူဦးရေ(၅၀)ဆံ့တဲ့ မော်တော်ယာဉ် တစ်စီးမှာ လူဦးရေ (၂၀) ယောက်ကိုပဲ တင်ဆောင်ပါတယ်၊ မော်တော်ယာဉ်ပေါ် မတက်ခင်မှာ ဆပ်ပြာနဲ့ လက်တွေသေချာ ဆေးခိုင်းပြီးတော့ နှားခေါင်းစည်းတွေ အခမဲ့ ဖြန့်ဝေပေးပါတယ်”ဟု မူဆယ်မြို့၊ တောင်ပြာတန်း အဝေးပြေးယာဉ်လိုင်းမှ တာဝန်ခံဦးထွန်းသန်းမြင့်က ပြောသည်။
မူဆယ်မြို့၊ ဒေသခံများအနေဖြင့် ခရီးသွားလိုပါက မိမိရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ခရီးသွားလာခွင့် ထောက်ခံစာ ရယူရမည် ဖြစ်သည်။ မူဆယ်မြို့မှ ပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်းများသည် မူဆယ်မြို့ ဒေသခံများသီးသန့်အတွက်သာ ပြေးဆွဲခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများအတွက် မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့မှ ဒေသအသီးသီးပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


