လားရှိုး ၂ ဇွန်
လားရှိုးမြို့ နားမခေါ် အဝေးပြေးယာဉ်လိုင်းများမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ဇွန်(၁)ရက်နေ့ကစတင်ပြီး ကိုဗစ်(၁၉)ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး စည်းကမ်းချက်များအတိုင်း ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရှိရသည်။
“နားမခေါ်ကားကြီးကွင်းကနေ ဂိတ်(၇)ခုကပဲ ခရီးသည်တင်ဆောင်ပြီး ပြေးဆွဲပေးပါတယ်။ ထိုင်ခုံ(၂)ခုံစာဝယ်ပြီး (၁) ဦးစီးနင်းတဲ့ အရင်ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းပဲ တင်ဆောင်တာပါ။ တက်လမ်း၊ ရွှေမန္တလာ၊ ရွှေလွန်းပျံ၊ တောင်ပြာတန်း၊ အားသစ်၊ ရာဇာထွန်း၊ Star OK စတဲ့ ယာဉ်လိုင်း(၇)ခုသာ ခရီးသည်တင်ပြီးပြေးဆွဲပါတယ်၊ ရတနာယာဉ်လိုင်းကတော့ ခရီးသည်တင်ပြီး ပြေးဆွဲတာမလုပ်သေးပါဘူး” ဟု လားရှိုးမြို့ ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပုံမှန်ဆိုရင်တော့ သင်္ကြန်ကာလတွေမှာဆိုရင် ယာဉ်လိုင်းတွေက ပိတ်နေကျပါ၊ ကိုဗစ်(၁၉)ကာလမှာ တော့ အားလုံးရပ်နားခဲ့ရတာပါ။ ဒေသအလိုက်ဖြေလျှော့မှုတွေကြောင့် ယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲရတာပါ။ အပူချိန်တိုင်းတာတွေ ပိုးသတ်ဆေးဖျန်းတာတွေ၊ ယာဉ်စီးသူတွေကို ကာကွယ်မှုတွေ လုပ်ပေးတဲ့ပုံစံတွေကို ကားဂိတ်အသီးသီးက ဆောင်ရွက်ထားရှိတာတွေကို ပူးပေါင်းအဖွဲ့နဲ့စစ်ဆေးတာပါ။ မိမိတို့ဂိတ်မှာ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်သလို ယာဉ်ပေါ်မှာရော ဆောင်ရွက်ရဲ့လားဆိုတာတွေကို စစ်ဆေးတာပါ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ တွဲဘက်ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်ဝင်း က ပြောသည်။
ကိုဗစ်(၁၉)ရောဂါကာလ ထိုင်ခုံ(၂)ခုံစာ လူတစ်ဦးထိုင်သည့် စနစ်မှရန်ကုန်-လားရှိုး ခရီးစဉ်အနေဖြင့် လူတစ်ဦးလျှင် ငွေကျပ် ၂၈၅၀၀ ကျသင့်ပြီး တိုင်းဒေသကြီး ပြည်နယ်များအလိုက် စျေးနှုန်းကွာခြားချက်ရှိကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)


