မိုင်းပန်  ၂  ဇွန်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဇွန်လဆန်းမှစတင်၍ မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးဌာနမှ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာ ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက စားသောက်ဆိုင်များသို့ သွားရောက်၍ ပြန်လည် ဖွင့်လှစ်မည့် စားသောက်ဆိုင်များအနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးမှ ချမှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိမရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

အဓိကအားဖြင့် ဆိုင်အဝင်ဝတွင် လက်ဆေးဘေစင်များထားရှိရန်၊ စားပွဲခုံများ ခင်းကျင်းထားရာတွင်လည်း Social Distancing ဖြစ်ရေးကို အဓိကထားရန်၊ ဆိုင်ပိုင်ရှင်များအနေဖြင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face Shield) တပ်ဆင်၍ ရောင်းချရန် စသည့်အချက်များအား ကြည့်ရှုစစ် ဆေးခဲ့ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆိုင်များကိုသာ ဆိုင်ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာရေး စာတမ်းများကိုလည်း လူအများမြင်သာသည့်နေရာများတွင် ကပ်ပေးခဲ့ကြောင်းသိရသည်။

 

ထို့အပြင် ချမှတ်ထားသော စည်းကမ်းချက်များအား ဖောက်ဖျက်ပါက ဈေးရောင်းချမှုအား ပထမအကြိမ်(၇)ရက် ပိတ်ရန်၊ ဒုတိယအကြိမ် (၁၅) ရက်ပိတ်ရန်နှင့် တတိယအကြိမ်တွင် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပြီး မကြာခဏ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကိုဆန်း(မိုင်းပန်)