မြောက်ဦး  ၂  ဇွန် 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သစ်တောသစ်ပင်များပြုံးတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၌ ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ မြောက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၅၀၀၀ ကို ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များသို့ အခမဲ့ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်လျှက်ရှိရာတွင် မြောက်ဦးမြို့နယ်၊ မြို့မပျိုးဉယျာဉ်၌ ဒေသနှင့်ကိုက်ညီသည့် ကျွန်းပင် ၂၂၀၀၊ ပျဉ်းကတိုးပင် ၃၂၀၀၊ မဟော်ဂနီပင် ၂၂၀၀၊ မန်ဂျန်ရှားပင် ၉၂၀၀၊ မယ်ဇလီ ပင် ၂၂၀၀၊ ယူကလစ်ပင် ၄၄၀၀၊ သင်္ကန်းနက်ပင် ၂၀၀၀၊ စုစုပေါင်းပျိုးပင် ၂၅၀၀၀ တို့ကို ပြုစုပျိုးထောင် ထားရှိပြီး"တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့" ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင်များအား  ဒေသခံပြည်သူများအပြင်၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများထံသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

 

ယင်းနောက် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးလိုသူများအတွက်လည်း ဘိနယ် တာဝန်ခံတောအုပ် ဖုန်း ၀၉ ၄၄၂၈၃၂၉၂၃ ထံတွင်လည်းကောင်း၊ မြို့နယ်ဦးစီးဌာနမှူးဖုန်း ၀၉ ၂၆၂၄၁၈၈၉၅ ထံ တွင်လည်းကောင်း၊ ဆက်သွယ်ကူညီ တောင်းခံနိုင်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရှိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)