စစ်ကိုင်း    ၂     ဇွန်

 

COVID-19 Pandemic အတွက်  KBZ Bank  ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီတို့မှ ထောက်ပံ့ပေးအပ်သည့် ဂေါ်ဖီထုပ် အရေအတွက် တစ်သောင်းခွဲ ကျော်အား စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် စစ်ကိုင်းမြို့ရှိပြည်သူလူထုအား ထောက်ပံ့ ပေးနိုင်ရန် အတွက် သက်ဆိုင်ရာရပ်ကွက်များအလိုက် ရရှိအရေအတွက်ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့၌ ပြန်လည်ခွဲဝေ ပေးအပ်ခဲ့သည်။   

           

အဆိုပါ ထောက်ပံ့လှူဒါန်းမှုတွင် “စစ်ကိုင်းတောင်ရိုးရှိဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်များမှ ပြည်သူလူထုအား ပြန်လည်ခွဲဝေကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းကို  စစ်ကိုင်းခရိုင် ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ပြောပြသည်။

 

 စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများအားထောက်ပံ့သည့် ဂေါ်ဖီထုပ် (၈၀ဝ၀)ကျော်ကို စစ်ကိုင်းမြို့ လေးကျွန်းမြေ အုဌ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဓမ္မပ္ပီယာလင်္ကာရမှ တာဝန်ယူ၍ သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းတို့မှ စေတနာ့ ဝန်ထမ်းများ၏ လုပ်အားဖြင့် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လည်းကောင်း၊ စစ်ကိုင်းမြို့ (၁၈)ရပ်ကွက်မှ အိမ်ထောင်စုများအား ဂေါ်ဖီထုပ် အရေအတွက် (၇၀ဝ၀)ကျော်တို့အား စေတနာ့ ဝန်ထမ်းများ ဖြစ်သည့် ပညာဒါန၊ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ RESCUE အဖွဲ့၊ ဇေယျာ မောင်မယ်အဖွဲ့တို့မှ လုပ်အားများနှင့် ရပ်ကွက်အလိုက်ရရှိမှုများကို မော်တော်ယာဉ်များဖြင့်  ပြည်သူလူထုထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။                                                  

 

မျိုးဝင်း (ပြန်ဆက်)