ဆော ၂ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် လောင်းရှည်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်စေရေးအတွက် ဇွန် ၁ ရက်နေ့က လောင်းရှည်ဒေသ လင်းတကျင်း ကျေးရွာ၊ ပေါက်ချောင်းကျေးရွာ၊ ပုလဲကျေးရွာ၊ နှီးကျေးရွာရှိ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များနှင့် ကျေးရွာနေ မိဘပြည်သူများကို အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် ပတ်သက်၍ မကြာမီ အခြေခံပညာကျောင်းများ ဖွင့်လှစ် တော့မည်ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များအား နှာခေါင်းစည်း တပ်ဆင်သော အလေ့အကျင့် ရရှိစေရန်၊ကျေးရွာနေ မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကာ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း လောင်းရှည်ဒေသ ကြက်ခြေနီအသင်း ကော်မတီဝင် ဦးကျော်လင်းထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လောင်းရှည်ဒေသ အထကကျောင်းသားဟောင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊သက်ဆိုင်ရာကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ အဆိုပါ ကျေးရွာ(၄)ရွာရှိ ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များနှင့် ကျေးလက်နေမိဘပြည်သူများထံ နှာခေါင်းစည်း အခု(၄၅၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


