နေပြည်တော် ၂ ဇွန်
၂၀၂၀ ပြည့်နှစ်၊ နွေရာသီကာလအတွင်း ကျေးရွာများ၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများတွင် သောက်သုံးရေလုံလောက်မှု ရှိ/မရှိနှင့် ရေပြတ်လပ်မှုဖြစ်နိုင်ခြေများအား ကွင်းဆင်း၍ ကြိုတင်စာရင်း ကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် အမည်နှင့် ဖုန်းနံပါတ်များအား စုစည်းပြုစုထားခြင်း၊ Water Donation Myanmar App အသုံးပြု၍ သောက်သုံးရေ အခက်အခဲများကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခြင်းတို့အား သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ဇွန်(၂)ရက်အထိ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး ဆောင်ရွက်မှုများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုရှိ မြို့နယ်ပေါင်း(၇၇)၊ ကျေးရွာပေါင်း(၃၂၁) ရွာသို့ ရေဂါလန် (၃၂၂၂၄၈၀) ဖြန့်ဝေထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျေးရွာများသို့ ရေဖြန့်ဝေပေးမှု အခြေအနေအား ပူးတွဲပါဇယားအတိုင်းဖြစ်သည်။
ရေရှားပါးပြတ်လပ်သော ကျေးရွာများမှ သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်၊ အလှူရှင်များမှ ရေလှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်တို့အတွက် Water Donation Myanmar App ကို အလွယ်တကူအသုံးပြု ဆောင်ရွက်နိုင်ပါကြောင်းနှင့် ရေရှားပါးပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများအား water-donation.com တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
သတင်းစဉ်


